ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းခရီးတို RBE ရထားများ စတင်ပြေးဆွဲ
PUBLISHED - October 12, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် အမြန်လူစီးရထား ၁၈ စင်း၊ စာပို့ရထား ၁၆ စင်း၊ လူစီးကုန်တင်ရထား ရှစ်စင်း၊ RBE လူစီး နှစ်စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၃၅ စင်း စုစုပေါင်း လူစီးရထား ၇၉ စင်းနှင့် ကုန်ရထား ခြောက်စင်းကို နေ့စဉ်စီစဉ်ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ခရီးသည်ရထားများ၊ ကုန်ရထားခရီးစဉ်များကို စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန် – မန္တလေးရထား လမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထား နှစ်စင်း၊ လူစီးကုန်တင်ရထား နှစ်စင်းနှင့် ကုန်ရထား သုံးစင်း တို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရထားစီးခရီးသည်များ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အောက်တိုဘာ ၁၁ ရက်မှစ၍ ရန်ကုန်- မန္တလေးလမ်းပိုင်း အတွင်း၌ မန္တလေး-သာစည်-မန္တလေး အမှတ်(သ-၃၀၁ အဆန်/ သ-၃၀၂ အစုန်)၊ သာစည်-ပျဉ်းမနား-သာစည်အမှတ်(သ-၄၀၁ အဆန်/ သ-၄၀၂ အစုန်) နှင့် ပျဉ်းမနား-တောင်ငူ – ပျဉ်းမနား အမှတ်(သ-၅၀၁ အဆန်/ သ-၅၀၂ အစုန်) RBE ခရီးတိုရထားများ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မန္တလေး – သာစည်-မန္တလေး ခရီးစဉ်အတွက် မန္တလေးမှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး သာစည်သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ သာစည်မှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး မန္တလေးသို့ ညနေ ၅ နာရီ မိနစ်၂၀ တွင် လည်းကောင်း၊ သာစည်-ပျဉ်းမနား-သာစည် ခရီးစဉ်အတွက် သာစည်မှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး ပျဉ်းမနား သို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ ပျဉ်းမနားမှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး သာစည်သို့ ညနေ ၅ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ ပျဉ်းမနား-တောင်ငူ – ပျဉ်းမနား ခရီးစဉ်အတွက် ပျဉ်းမနားမှ နံနက် ၇ နာရီ စတင်ထွက်ခွာပြီး တောင်ငူသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် လည်း ကောင်း၊ တောင်ငူမှ မွန်းလွဲ ၁ နာရီတွင် ပြန်လည် ထွက်ခွာပြီး ပျဉ်းမနားသို့ ညနေ ၅ နာရီခွဲတွင်လည်းကောင်း အသီးသီး ထွက်ခွာ/ရောက်ရှိမည်ဖြစ်သည်။
ခရီးစဉ်အားလုံးအတွက် ဘူတာစဉ် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia