ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်ညောင်ပင်သာနှင့် ကညွတ်ကွင်းဘူတာအကြား ရထား လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်
PUBLISHED - May 25, 2024
နေပြည်တော်၊ မေ ၂၅
မေလ ၂၄ရက်နေ့ နံနက် ၁ နာရီ ၄၂ မိနစ်ခန့် နှင့် ၂ နာရီ ၃ မိနစ်အချိန်ခန့်တို့တွင် ရန်ကုန်-မန္တလေး ရထား လမ်းပိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာနှင့်ကညွတ်ကွင်းဘူတာအကြား မိုင်တိုင်အမှတ် ၁၂၆/ ၇-၈ ရှိ ပတ္တာရွာ ရထားလမ်းကူးအနီး သံလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၆ နာရီတွင် ရောက်ရှိလာပြီး နယ်မြေရှင်းလင်းစစ်ဆေးခဲ့ရာ လက်ရှိရထား ပြေးဆွဲနေသည့် အဆန်လမ်းမှ အတွင်း သံလမ်း ၄ ပေခန့် ပြတ်ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံး ခန့်ပျက်စီးပြီး၊ စီမံကိန်းဆောင်ရွက်လျက်ရှိသော အစုန်လမ်းမှ အတွင်းသံလမ်း ၄ ပေခန့် ပြတ် ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံးခန့် ပျက်စီးနေကြောင်း၊ ယမန်နေ့ နံနက် ၆ နာရီတွင် ညောင်ပင်သာနှင့် ကညွတ်ကွင်း ရထားလမ်းပိုင်းအား ခေတ္တပိတ်၍ လမ်းပိုင်း အချိန်မီ ပြန်လည် ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထား တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် အမှတ်(၁၁)အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် ကညွတ်ကွင်းသို့ နံနက် ၁၁ နာရီ ၄၇ မိနစ်အချိန် ရောက်ရှိပြီး နေ့လည် ၁၂ နာရီ ၂၀ မိနစ် အချိန် တွင် ပြန်လည်ထွက်ခွာနိုင် သဖြင့်ကြန့်ကြာချိန်(၃၁)မိနစ်နှင့် အမှတ်(၁)အဆန် ရန်ကုန်-မန္တလေး စာပို့ရထားသည် ပဲနွယ်ကုန်း သို့ နေ့လည် ၁၂ နာရီ ၈ မိနစ်အချိန်ရောက်ရှိပြီး နေ့လည် ၁၂ နာရီ ၂၃ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာနိုင်သဖြင့် ကြန့်ကြာချိန်(၁၀)မိနစ် အသီးသီးလူစီးရထားများ ကြန့်ကြာမှုဖြစ်ပေါ်၍ အမှတ်(၆၅၁)အစုန် ကျောက်ရထား သည် ဇေယျဝတီဘူတာ၌ နံနက် ၆ နာရီ ၂၅ မိနစ်တွင် ရောက်ရှိ ရပ်နားထားရပြီး ဖြူးဘူတာမှ ယနေ့ နံနက် ၆ နာရီတွင် ထွက်ခွာရန် အသင့်ရှိနေသော အမှတ်(၉၉၄)အစုန် သာစည်-ပုဇွန်တောင်ခရီးစဉ် ကုန်ရထားအား ခေတ္တ စောင့်ဆိုင်းစေခဲ့ရပြီး လမ်းပိုင်း ပြန်လည်ဖွင့်လှစ်သည့် အချိန်မှသာ စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၆)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲ ဖျက်ဆီး ခြင်း(၁၆၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။
#PeopleMedia