ရန်ကုန်-မန္တလေးရထားလမ်းပိုင်းနှင့် သာစည်-ရွှေညောင်ရထားလမ်းပိုင်းတို့တွင် ရေကြီးရေလျှံနေမှုဖြစ်နေသဖြင့် ရထားခရီးစဉ်များ ယာယီရပ်နား
PUBLISHED - September 12, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၂
မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်-မန္တလေးရထား လမ်းပိုင်းနှင့် သာစည်-ရွှေညောင်ရထားလမ်းပိုင်းတို့တွင် ရေကျော်နေသဖြင့် ရထားခရီးစဉ်များ ယာယီရပ်နား ထားရကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ တပ်ကုန်း-မကျည်းပင်၊ မကျည်းပင်-ညောင်လွန့်၊ ရမည်းသင်း-အင်ကြင်းကန်၊ ပျော်ဘွယ်-ရှမ်းရွာ၊ သပြေတောင်း-သဲတောဘူတာအကြားနှင့် သာစည်-ရွှေညောင်-တောင်ကြီးလမ်းပိုင်းရှိ သာစည်-လှိုင်းတက်၊ လှိုင်းတက်-ဘုရားငါးဆူ၊ ဘုရားငါးဆူ-ယင်းမာပင်၊ မြင်းဒိုက်-ကလော၊ ကလော-အောင်ပန်း၊ ထီသိမ်-ပေါမူဘူတာအကြား လမ်းပိုင်းများနှင့် အောင်ပန်းဘူတာ ယာဒ်ဝင်းတို့တွင် ရေကြီး နစ်မြုပ်မှုများဖြစ်ပေါ်၍ တံတားများ ရေတိုက်စားပြီး ရထားလမ်းရေကျော်မှုများကြောင့် ရန်ကုန်- မန္တလေးနှင့် သာစည် – ရွှေညောင် ရထားခရီးစဉ်များကို စက်တင်ဘာ ၁၁ ရက်မှ စတင်၍ ယာယီရပ်နားထားကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ယာယီရပ်နားခဲ့သည့် ရထားများမှာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန်၊ အမှတ်(၁၁)အဆန်နှင့် အမှတ်(၁၂) အစုန်ရထားများ၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် အမှတ်(၁၄၁)အဆန်နှင့် အမှတ် (၁၄၂) အစုန်ရထားများဖြစ်သည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း သာစည်မြို့နယ် ရှမ်းရွာဘူတာယာဒ်ဝင်းနှင့် ရှမ်းရွာ-ပျော်ဘွယ်လမ်းပိုင်းအတွင်း ခုနစ်နေရာတို့တွင် သံလမ်းပေါ်ရေကျော်ခြင်းနှင့် ရထားလမ်းတာပေါင်ထူးပေါက်ခြင်း၊ ရှမ်းရွာနှင့် ရမည်းသင်း ဘူတာအကြား ရှစ်နေရာတို့၌ ရထားလမ်းရေတိုက်စားခြင်း၊ တံတားအမှတ်(၅၁၅) အဆန်လမ်း စွန်းခံနေရာ ရေတိုက်စားခြင်း၊ တံတား အမှတ် (၅၂၉) ဒေါက်တိုင်ပြတ်ထွက်ခြင်းနှင့် မန္တလေးဘက်ခြမ်းတံတား ရေတိုက်စားခြင်း၊ တပ်ကုန်း-မကျည်းပင်ဘူတာအကြား၊ မကျည်းပင်-ညောင်လွန့်ဘူတာအကြားနှင့် ညောင်လွန့်ဘူတာ ယာဒ်ဝင်းအတွင်း ရထားလမ်းပေါ် ရေကျော်နေခြင်း၊ ရမည်းသင်း-အင်ကြင်းကန်ဘူတာ အကြား ရထားလမ်းတာပေါင် ထူးပေါက်ခြင်းတို့အပြင် ဝမ်းတွင်းမြို့နယ် သပြေတောင်း-သဲတောဘူတာအကြား တံတားအမှတ်(၆၉၁) အစုန်/အဆန် တံတားများ၏ အောက်ခြေရေထိရန် ကိုးပေနှစ်လက်မ ခန့်သာလိုတော့ သဖြင့် ရထားဖြတ်သန်းရန် အန္တရာယ်ရှိနိုင်ခြင်းနှင့် သာစည်-ရွှေညောင်လမ်းပိုင်းအတွင်း သာစည်-လှိုင်း တက်ဘူတာအကြား တံတားအမှတ် (၃၀)၊ လှိုင်းတက် – ဘုရားငါးဆူဘူတာအကြား တံတားအမှတ်(၃၄)နှင့် (၃၅)တို့၏ တံတားတာပေါင်များ ရေတိုက်စားနေခြင်း၊ ဘုရားငါးဆူ-ယင်းမာပင် ဘူတာအကြား တံတားအမှတ် (၄၈)၏ ရွှေညောင်ဘက်ကမ်းကပ်ခုံ ရေတိုက်စားခြင်းနှင့် ရထားလမ်းတာပေါင်အား ရေတိုက်စားနေခြင်း၊ ကလော-မြင်းဒိုက် ဘူတာအကြား ခြောက်နေရာတွင် ရထားသံလမ်းပေါ်ရေကျော်နေခြင်း၊ အောင်ပန်းဘူတာ ယာဒ်ဝင်းအတွင်း သံလမ်းမျက်နှာပြင်အထက် ၁၀ လက်မခန့် ရေကျော်နေခြင်းတို့ကြောင့် ယနေ့နံနက်ပိုင်းမှ စတင်၍ ရထားလမ်းပိုင်းများအား ယာယီပိတ်သိမ်းခဲ့ရကြောင်း သိရသည်။
ရထားလမ်းပိုင်း ပိတ်သိမ်းမှုကြောင့် ယမန်နေ့နံနက် ၆ နာရီတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသည့် အမှတ် (၁၁)အဆန် ရထားသည် နေပြည်တော်ဘူတာသို့ ယမန်နေ့ညနေ ၅ နာရီ ၂၂ မိနစ်တွင် ရောက်ရှိပြီး ရထားဖြင့် လိုက်ပါလာသည့် ခရီးသည် ၁၁၈ ဦးအား နေပြည်တော် ဘူတာမှတစ်ဆင့် မန္တလေးသို့ မော်တော်ယာဉ်သုံးစီး ဖြင့် ညနေ ၆ နာရီတွင် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia