ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘီးပေါက်၍ရပ်ထားသည့် FUSO ကားအား SOJEN ကားကဝင်တိုက်မှုကြောင့် ၂ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - October 22, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၂
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၃/၅)နှင့် (၂၄၃/၆) ကြားတွင် ယနေ့ နံနက် ၅ နာရီ ၃၄ အချိန်က ဘီးပေါက်၍ ရပ်ထားသည့် FUSO ကားအား SOJEN ကားမှ အနောက်မှ ဝင်တိုက်မှုကြောင့် ၂ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၃/၅)နှင့် (၂၄၃/၆) ကြားတွင် ဘီးပေါက်၍ ရပ်တန့်ထားသော FUSO ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော SOJEN ယာဉ်မှ ဝင်ရောက် တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် SOJEN ယာဉ်ပေါ်ပါ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၈)ဦး စုစုပေါင်း (၁၄)ဦးအနက် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး (စိုးရိမ်ရ) ဒဏ်ရာနှင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၆)ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့၍ ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းမှယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် FUSO ယာဉ်ပေါ်ပါ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
#PeopleMedia