ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ရာမှ ကလေးတစ်ဦးအပါအဝင် ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - March 14, 2025
နေပြည်တော်၊ မတ် ၁၄
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၇/၃) ဖာလုံကြားတွင် ယမန်နေ့ ည ၆ နာရီ ၅၀ အချိန်က Express ခရီးသည်တင်ယာဉ်သည်တစ်စီး တိမ်းမှောက်မှုဖြစ်ရာမှ ကလေးတစ်ဦးအပါအဝင် ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးစား အပြာရောင် Express ခရီးသည်တင်ယာဉ်သည် မိုင်တိုင်အမှတ်(၁၁၇/၃) ဖာလုံကြားအရောက်တွင် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသား လမ်းပေါ်တွင် တိမ်းမှောက်ရပ်တန့်သွားကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါ ကျား(၇)ဦး၊ မ(၅)ဦးနှင့် ကလေးကျား (၁)ဦး စုစုပေါင်း (၁၃)ဦးအနက် ကျား (၅)ဦး၊ မ (၄)ဦး၊ ကလေး (၁)ဦး စုစုပေါင်း (၁၀)ဦးသည် မစိုးရိမ်ရထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကြက်ခြေနီအသင်းပိုင်လူနာတင်ယာဉ်၊ EMS 192 လူနာတင်ယာဉ်တို့ဖြင့် ဖြူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီးပေးခဲ့ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာကို ဖြူးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင် ၅ ဦး၊ ဖြူးအမြန်လမ်းရဲစခန်းမှ စခမ ဒုရဲမှူး အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#PeopleMedia