ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဘီးပေါက်၍ ရပ်တန့်ထားသည့် ခရီးသည်ယာဉ်ကို အိမ်စီးယာဉ်တစ်စီးမှ အရှိန်လွန်၍ တိုက်မိရာ လက်ထောက်ညွှန်ကြားရေးမှူးအပါ အမျိုးသား (၂) ဦးစိုးရိမ်ရပြီး (၂) ဦးပွန်းပဲ့ဒဏ်ရာရ

PUBLISHED - March 26, 2025
နေပြည်တော်၊ မတ် ၂၆
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၅/၁-၂) ဖာလုံကြားတွင် ဘီးပေါက်၍ ရပ်တန့်ထားသည့် Express ခရီးသည်ယာဉ်ကို အိမ်စီးယာဉ်တစ်စီးမှ ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်လွန်ပြီး တိုက်မိရာ လက်ထောက်ညွှန်ကြားရေးအပါအဝင် အမျိုးသား (၂) ဦး ပြင်းထန်ဒဏ်ရာရရှိပြီး၊ အမျိုးသား (၂) ဦးလည်း ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ မတ်လ ၂၅ ရက် နံနက် ၄ နာရီခန့်တွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် YUTONG အမျိုးအစား၊ ဖြူနက်ကြားရောင် Express ခရီးသည်ယာဉ်၏ ညာဘက်နောက်ဘီးပွင့်ထွက် သောကြောင့် နောက်အပေါ်အောက်စုံမီးနှင့် ယာဉ်၏နောက်ပေ (၃၀) ခန့်အကွာတွင် အတားအစီးများချ၍ ရပ်တန့်ထားစဉ် လားရာတူနောက်မှ မောင်းနှင်လာသည့် Toyota Hilux Revo အမျိုးအစား (အဖြူရောင်) ယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ ထိုခရီးသည်ယာဉ်ကို တိုက်မိခဲ့ကြောင်း သိရသည်။
“အိမ်စီးယာဉ်ပေါ်မှာ ပါလာတာ ၄ ဦး၊ အဲ့ယာဉ်ပေါ်မှာ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ တောခေါင်းအရာရှိငယ် သူတို့တွေက ပြင်းထန်ဒဏ်ရာရတယ်။ ယာဉ်မောင်းနှင့် ရုံးအကူကတော့ ပွန်းပဲ့ဒဏ်ရာရတယ်” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People Media သို့ဖြေကြားသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် လက်ထောက်ညွှန်ကြားရေးမှူးမှာ ညာဘက်ဂျိုစောင်းပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက် မျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းပေါက်ပြဲဒဏ်ရာ၊ မေးရိုးအောက်ပေါက်ပြဲဒဏ်ရာ၊ ညာဘက်ရင်အုံပေါက်ပြဲ၊ ညာဘက်ဒူးပေါက်ပြဲဒဏ်ရာ၊ ညာဘက်ပေါင်ရိုးကျိုး၊ ညာဘက်လက်ကျိုး၊ နံရိုးကျိုးကြောင်း၊ တောခေါင်း အရာရှိငယ်မှာ ဘယ်ဘက်နားထင် (၄) လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်ဂျိုစောင်း (၂) လက်မခန့် ပေါက်ပြဲဒဏ်ရာတို့ ရရှိမှုကြောင့် ၎င်းတို့ (၂) ဦးမှာ စိုးရိမ်ရကြောင်း၊ ကျန် (၂) ဦးမှာ ပွန်းပဲ့ဒဏ်ရာရရှိပြီး ၎င်းတို့ကို တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia