ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၉) ရှိ လုံခြုံရေးစခန်းကို စစ်သွေးကြွတွေ ဝင်တိုက်သဖြင့် တိုက်ပွဲဖြစ်ပွါး
PUBLISHED - December 13, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၃
ဒီဇင်ဘာလ (၁၂)ရက် နေ့က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၉) (၆)ဖာလုံနှင့် (၇)ဖာလုံကြားရှိ တဇောက်ချောင်းတံတား လုံခြုံရေးစခန်းကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်တိုက်သဖြင့် တိုက်ပွဲဖြစ်ပွါးခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၁၂)ရက် မွန်းလွဲ (၃:၂၀) အချိန် ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၉) မိုင် (၆)ဖာလုံနှင့် (၇)ဖာလုံကြားရှိ တဇောက်ချောင်းတံတား လုံခြုံရေးစခန်းကို စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၇၀)ခန့်မှ ဒရုန်းဖြင့် ဒရော့ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
စစ်သွေးကြွ PDF အဖွဲ့ဝင်များအနေဖြင့် တံတား၏ ပတ်ပတ်လည် မီတာ (၂၀၀)ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး (၃)နာရီ (၄၅)မိနစ်အချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းနှင့် လက်နက်၊ အဆောက်အဦးများလည်း ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။
#PeopleMedia