ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မစောတံတားကို KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီး၊ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

PUBLISHED - May 23, 2024
နေပြည်တော်၊ မေ ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာအထွက် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မစောတံတားကို KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။
ယနေ့ မေလ (၂၃)ရက် နံနက် (၄) နာရီ (၄၅) မိနစ်အချိန်က ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မစော တံတားကို KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မိုင်းခွဲဖျက်ဆီးခံထားရသည့် ချောင်းအတွင်း ဆိုင်ကယ် သုံးစီး ပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။
ရန်ကုန်- မော်လမြိုင် ကားလမ်းမပေါ်ရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတားမှာ တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိပြီး KNU/PDF အဖွဲ့ဝင်များ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏ (၃)ပုံ (၂)ပုံသည် ချောင်းထဲသို့ ကျိုးကျသွားကြောင်းနှင့် ကားများ သွားလာရန် မလွယ်ကူသောကြောင့် ကား လမ်းအဆက်အသွယ်များ ပြတ်တောက်သွားကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ (၁၁) ရက် နံနက်စောပိုင်း က ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNU/PDF အဖွဲ့ဝင်များမှ ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သလို မေလ (၂၁)ရက် နံနက် အစောပိုင်းကလည်း ရန်ကုန်- မော်လမြိုင် မီးရထားလမ်းပေါ်ရှိ သံလမ်းတံတားကို KNU/PDF အဖွဲ့ဝင်များမှ ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့သည်။
#PeopleMedia