ရန်ကုန်- မော်လမြိုင် ပြေးဆွဲနေသည့် အောင်ကျော်မိုးကားကို KNU/PDF က ပစ်ခတ်မှုကြောင့် ယာဉ် နောက်လိုက် သေဆုံးပြီး ခရီးသည် လေးဦး ဒဏ်ရာရ
PUBLISHED - April 5, 2024
နေပြည်တော်၊ ဧပြီ ၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၁/၁ နှင့် ၁၃၁/၂ အကြား၌ သထုံဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင်လာသည့် အောင်ကျော်မိုး ခရီးသည်တင်ယာဉ်ကို KNU/PDF က မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် သေဆုံးပြီး ခရီးသည် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီလ (၄)ရက်၊ ည (၉)နာရီအချိန်ခန့်က သထုံဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင်လာသည့် ရန်ကုန် – မော်လမြိုင် ပြေးဆွဲနေသည့် ယာဉ်အမှတ် – 3N-1596၊ အောင်ကျော်မိုး ခရီးသည်တင် မှန်လုံယာဉ်အား အကြမ်းဖက် KNU/PDF များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့သည်။
လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်နောက်လိုက် ဇင်ကိုလတ်မှာ လည်ပင်း ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးသွားပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အောင်ကျော်မိုး ခရီးသည်တင် မှန်လုံယာဉ်၏ ဘေးပတ်လည် မှန်များနှင့် ကိုယ်ထည်များ မိုင်းစထိမှန်ကာ ကာလတန်ဖိုး ငွေကျပ် သိန်း(၄၀) ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။
ယင်းနောက်တွင် ထိခိုက်ဒဏ်ရာ ရရှိသည့် ခရီးသည်များကို သထုံမြို့နယ်၊ နောင်ဘိုလူမှုကူညီကယ်ဆယ်ရေး အသင်းပိုင် ယာဉ်ဖြင့် သထုံမြို့နယ်ရှိ သိမ်ဆိပ်ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။
#PeopleMedia