ရဟတ်ယာဉ်တစ်စင်း ပင်လယ်ထဲပျက်ကျသွားပြီးနောက် သြစတေးလျအစိုးရက MRH-30 Taipan ရဟတ်ယာဉ်တွေကို အချိန်မတိုင်မီ အနားပေးတော့မည်

PUBLISHED - September 30, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၃၀
သြစတေးလျတပ်မတော်က MRH-30 Taipan (ထိုင်ပန်) ရဟတ်ယာဉ်တစ်စင်း ဇူလိုင်လအတွင်း ပင်လယ်ထဲ ကိုပျက်ကျသွားခဲ့ရာ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီးနောက် သတ်မှတ်ရက်မတိုင်မီ MRH-30 Taipan ရဟတ်ယာဉ် အုပ်စုကို အနားပေးတော့မှာဖြစ်ကြောင်း သြစတေးလျစစ်ဘက်က သောကြာနေ့ (စက်တင်ဘာလ ၂၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ဝှိုက်ဆန်းဒေးကျွန်းစုအနီး စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်ဖြစ်ပွားခဲ့တဲ့ ညအချိန်ရဟတ်ယာဉ်ပျက်ကျမှုကို စုံစမ်း စစ်ဆေးနေစဉ်အတွင်း အစင်းရေ ၄၀ ကျော်ပါဝင်တဲ့ MRH-30 Taipan ရဟတ်ယာဉ်ကို ပျံတက်ခွင့်မပေးဘဲမြေ ပြင်မှာ ရပ်နားခိုင်းထားပါတယ်။
ဒီ MRH-30 Taipan ရဟတ်ယာဉ်အုပ်စုဟာ မူလက ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ အနားပေးဖို့ စီစဉ်ထားတာဖြစ်ပါ တယ်။
ပြန်လည်ရုပ်သိမ်းခြင်းနေ့မတိုင်မီ အဲဒီ MRH-30 Taipan ရဟတ်ယာဉ်တွေကို စစ်ဆင်ရေးပျံသန်းမှုလုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်ခိုင်းတော့မှာ မဟုတ်ကြောင်း သြစတေးလျကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
သြစတေးလျတပ်မတော်အတွက် UH 60M Black Hawk (ဘလက်ဟော့ခ်) ရဟတ်ယာဉ် အစင်း ၄၀ စတင် ပြောင်းလဲသုံးစွဲသွားတော့မှာဖြစ်ကြောင်း၊ UH 60M Black Hawk ရဟတ်ယာဉ် ၃ စင်း စက်တင်ဘာလအတွင်း မှာ စတင်ပျံသန်းနေပြီဖြစ်ကြောင်း သြစတေးလျအစိုးရက ပြောပါတယ်။
သြစတေးလျအစိုးရဟာ အခုနှစ် အစောပိုင်းက ဒေါ်လာ ၁.၉ ဘီလျံ တန်ကြေးရှိတဲ့ UH 60M Black Hawk ရဟတ်ယာဉ် အစင်း ၄၀ ကို ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။
“အစိုးရရဲ့ အမြင့်ဆုံးဦးစီးပေးမှုက ကျွန်တော်ပြည်သူတွေ ဘေးကင်းလုံခြုံမှုနဲ့ ကောင်းကျိုးချမ်းသာဖော်ဆောင် နိုင်ရေးပဲဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ပြောပါတယ်။
“အခုနှစ်အစောပိုင်းက အသက်စွန့်သွားရတဲ့တပ်ဖွဲ့ဝင်လေးဦးရဲ့ မိသားစုဝင်တွေနဲ့ တခြားတပ်ဖွဲ့ဝင်တွေ/ တပ်ဖွဲ့ ဝင်မိသားစုတွေကို ကျွန်တော်တို့ ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဥရောပထုတ် MRH-30 Taipan ရဟတ်ယာဉ်တွေဟာ ပြုပြင်ထိန်းသိမ်းရခက်ခဲသလို အပိုပစ္စည်းဝယ်ယူရတာ ခက်ခဲတယ်လို့ သြစတေးလျအရာရှိတွေက နဂိုကတည်းက သတင်းပို့ခဲ့ပြီးဖြစ်ပါတယ်။
ညအချိန်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း MRH-30 Taipan ရဟတ်ယာဉ်တစ်စင်းဟာ စက်ချွတ်ယွင်းပြီး ပင်လယ်ထဲပျက်ကျသွားခဲ့ရာမှာ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီးနောက် အခုနှစ်အစောပိုင်းက MRH-30 Taipan ရဟတ်ယာဉ်အုပ်တစ်ခုလုံးကို ပျံသန်းခွင့် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
Ref: Australia Retires Taipan Helicopters after Crash
#PeopleMedia