ရာဖာကို ကျူးကျော်ဝင်ရောက်ရင် အစ္စရေးကို လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တော့မှာဖြစ်ကြောင်း ဘိုင်ဒန်ပြော

PUBLISHED - May 9, 2024
နိုင်ငံတကာ၊ မေ ၉
အစ္စရေးကအသုံးပြုခဲ့တဲ့ဗုံးတွေကြောင့် အရပ်သားတွေသေဆုံးခဲ့တဲ့အတွက် ရာဖာမြို့ကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်မယ်ဆိုရင် အစ္စရေးကို စစ်လက်နက်ပစ္စည်းတင်ပို့နေတာတွေ ရပ်ဆိုင်းလိုက်တော့မှာဖြစ်တယ်လို့ အ မေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
“ကျွန်တော် ရှင်းရှင်းပဲပြောမယ်။ ရာဖာမြို့ထဲကို ဝင်ရောက်တိုက်ခိုက်တော့မယ်ဆိုရင် လက်နက်တွေ ဆက် လက်ထောက်ပံ့တော့မှာမဟုတ်ပါဘူး။” လို့ ဘိုင်ဒန်က CNN သတင်းဌာနက အယ်ရင်းဘားနက်နဲ့ အင်တာဗျူး မှာ ပြောဆိုလိုက်ပါတယ်။
အစ္စရေးတပ်တွေဟာ အင်္ဂါနေ့က ဂါဇာဒေသတောင်ပိုင်းက ရာဇာမြို့ထဲကို ဝင်ရောက်လာပေမဲ့ အဲဒီစစ်ဆင်ရေး ဟာ ကန့်သတ်စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
လူဦးရေ ၁ သန်းကျော်နေထိုင်တဲ့ တောင်ပိုင်းရာဖာမြို့မှာ ဗုံးတွေကိုအသုံးပြုမှာစိုးရိမ်တဲ့အတွက် ဗုံးအလုံးရေ ၃၀၀၀ ကျော် တင်ပို့မှာကို အမေရိကန်အစိုးရက ရပ်ဆိုင်းထားလိုက်ပြီးနောက် အခုလို ဗုဒ္ဓဟူးနေ့ညက ထုတ် လွှင့်ခဲ့တဲ့ CNN အင်တာဗျူးမှာ ဘိုင်ဒန်ရဲ့ပြောကြားချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အစ္စရေးကိုတင်ပို့မယ့် ဗုံးတွေကို မတင်ပို့ဘဲ ရပ်ဆိုင်းထားတာမှန်ကန်ကြောင်း အမည်မဖော်လိုတဲ့ အစိုးရထိပ် တန်းအရာရှိတစ်ဦးက NPR သတင်းဌာနကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ပြောပါတယ်။
Axios သတင်းဌာနက ပထမဦးဆုံးစတင်ဖော်ပြလိုက်တဲ့ အဲဒီဗုံးသီးတင်ပို့မှုရပ်ဆိုင်းလိုက်တဲ့သတင်းနဲ့ပတ်သက် ပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က တရားဝင်သတင်းထုတ်ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်။
ပေးပို့ဖို့ ရပ်တန့်လိုက်တဲ့ဗုံးတွေထဲမှာ ပေါင် ၅၀၀ ဗုံး အလုံး ၁၇၀၀ နဲ့ ပေါင် ၂၀၀၀ ဗုံး အလုံး ၁၈၀၀ ဖြစ်တယ်လို့ ဆိုပါတယ်။ ပေါင် ၂၀၀၀ ဗုံးတွေဟာ အလွန်ပြင်းထန်တဲ့အတွက် လူဦးရေထူထပ်တဲ့ မြို့ပြဒေသမှာ အသုံးပြုမှာကို အမေရိ ကန်အစိုးရက အထူးစိုးရိမ်ပူပန်နေပါတယ်။
“အဲဒီဗုံးတွေအသုံးပြုခဲ့တဲ့နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဂါဇာဒေသမှာ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။
အခုရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ ဗုံးတင်ပို့မှုဟာ အစ္စရေးနဲ့ ဂါဇာဒေသအတွက် အကူအညီတွေနဲ့ ကယ်ဆယ်ရေး ကဏ္ဍမှာသုံးစွဲဖို့ ဒေါ်လာ ၂၆ ဘီလျံပါဝင်တဲ့ လွှတ်တော်ကခွင့်ပြုလိုက်တဲ့ ဒေါ်လာ ၉၅ ဘီလျံ နိုင်ငံခြားအကူအ ညီဥပဒေကြမ်းထဲက အစိတ်အပိုင်းတစ်ရပ်မဟုတ်ပါဘူး။
အစ္စရေးနိုင်ငံဟာ အမေရိကန်ကွန်ဂရက်က ခွင့်ပြုထားတဲ့ အဲဒီဥပဒေကြမ်းထဲမှာပါပြီး ခွဲဝေပေးထားတဲ့ ရန်ပုံငွေ တွေကို လက်ခံရရှိမှာဖြစ်ကြောင်း အမေရိကန်အရာရှိက ပြောပါတယ်။
အမေရိကန်အနေနဲ့ အစ္စရေးလုံခြုံရေးကို ပစ်ပယ်ထားမှာမဟုတ်ဘဲ သံမဏိအမိုး လေကြောင်းရန်ကာကွယ်ရေး စနစ်ထောက်ပံ့ရေးအပါအဝင် ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး လက်ဦးမှုရယူတိုက်ခိုက်တဲ့လက်နက်တချို့ ကိုသာ ကန့်သတ်သွားမှာဖြစ်ကြောင်း ဘိုင်ဒန်က CNN ကို ပြောပါတယ်။
Ref: Biden says he would halt additional weapons shipments if Israel invades Rafah
#PeopleMedia