ရာဖေးဂျက်တိုက်လေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ အိန္ဒိယအစိုးရ မူအားဖြင့်သဘောတူ
PUBLISHED - July 14, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၄
အိန္ဒိယနိုင်ငံက ပြင်သစ်ထုတ် ရေတပ်သုံး ရာဖေးဂျက်တိုက်လေယာဉ် ၂၆ စင်းနဲ့ Scorpene-class ရေငုပ် သင်္ဘော ၃ စီး ဝယ်ယူသွားဖို့ ဇူလိုင်လ ၁၃ ရက်နေ့က မူအားဖြင့်သဘောတူညီခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
ပြင်သစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ပဲရစ်မြို့မှာကျင်းပမယ့် ဘာ့စတီးလ်နေ့ကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါမိုဒီ အထူးဧည့်သည်တော်အဖြစ် မတက်ရောက်ခင် တစ်ရက်အလိုမှာ အခုလိုကြေညာလိုက်တာဖြစ်ပါ တယ်။
အိန္ဒိယအစိုးရရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူရေးကောင်စီက အဲဒီဝယ်ယူမှုကို ခွင့်ပြုလိုက်တာဖြစ်ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့ ဈေးနှုန်းနဲ့ တခြားစည်းကမ်းသတ်မှတ်ချက်တွေကို တော့ ပြင်သစ်အစိုးရနဲ့ ညှိနှိုင်းနေတုန်းပဲရှိသေးတယ်လို့ ဆိုပါတယ်။
ကာလရှည်စောင့်မျှော်နေတဲ့ ဒီအရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ တခြားနိုင်ငံတွေက ဝယ်ယူခဲ့ တဲ့ အဲဒီ အမျိုးအစားတူလေယာဉ်တွေရဲ့ ဈေးနှုန်းနှိုင်းယှဉ်မှု အပါအဝင် ဆက်စပ်အကြောင်းအရာအားလုံးကို ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြင်သစ်ထုတ် ရေတပ်သုံးရာဖေးဂျက်တိုက်လေယာဉ်တွေကို အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးလေယာဉ်တင်သင်္ဘော ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တပ်တော်ဝင်ခဲ့တဲ့ အိုင်အန်အက်စ်- ဗီကရန့် (INS Vikrant) လေယာဉ်တင်သင်္ဘောပေါ်မှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ Scorpene-class ရေငုပ် သင်္ဘော ၆ စီး ဝယ်ယူပြီးသားဖြစ်ပြီး နောက်ထပ်ဝယ်ယူမယ့် ရေငုပ်သင်္ဘော ၃ စီးကို မွမ်ဘိုင်းမြို့အနီး Mazagon Dock Shipbuilders သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ က ပြည်တွင်းဖြစ်ပစ္စည်းအများအပြားသုံးစွဲပြီး တည်ဆောက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲ အမြင်မတူမှုတွေနဲ့ အိန္ဒိယနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေလင့်က စား အနောက်ဒီမိုကရေစီနိုင်ငံတွေဟာ ဝန်ကြီးချုပ်မိုဒီကို မျက်နှာချိုသွေးဆက်ဆံနေကြပြီး အာရှတိုက်မှာ တရုတ်ကို တုံ့ပြန်နိုင်ဖို့အတွက် တန်ပြန်အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယ နိုင်ငံကို သတ်မှတ်ထားတာဖြစ်ပါတယ်။
“အိန္ဒိယနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေထဲက အစိတ် အပိုင်းတစ်ရပ်ဖြစ်ပါတယ်။” လို့ အမည်မဖော်လိုတဲ့ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ရဲ့ အကူအရာရှိတစ် ဦးက အခုသီတင်းပတ်ထဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
တပြိုင်တည်းမှာပဲ ဆိုဗီယက်ခေတ်လက်နက်တွေကို အဆင့်မြှင်တင်ဖို့နဲ့ ဒေသတွင်းတရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှု ကို တုံ့ပြန်ရင်ဆိုင်ဖို့အတွက် အိန္ဒိယအစိုးရဟာ အိန္ဒိယတပ်မတော်ကို တိုးချဲ့ပြီး အဆင့်မြှင့်တင်လျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြင်သစ်ထုတ်စစ်လက်နက်ပစ္စည်းတွေကို အများဆုံးဝယ်ယူနေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ် ပါတယ်။
၂၀၁၅ ခုနှစ်က ဥရောပငွေ ၄.၀ ဘီလျံ (ဒေါ်လာ ၄.၂၄ ဘီလျံ) တန်ကြေးရှိတဲ့ ရာဖေးဂျက်တိုက်လေယာဉ် ၃၆ စင်းဝယ်ယူမယ်လို့ ဝန်ကြီးချုပ်မိုဒီက ကြေညာခဲ့ပါတယ်။
Ref: India Approves in Principle Purchase of French Warplanes, Subs: Govt
#PeopleMedia