ရိုမေးနီးယားက ဂျာမန်ထုတ် ယူကရိန်းစစ်မြေပြင်ပွဲတွေ့ကင်းထောက်ဒရုန်းတွေ မှာယူ
PUBLISHED - June 25, 2024
နိုင်ငံတကာ၊ ဇွန် ၂၅
ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနဟာ ဂျာမန်ထုတ် Vector အဆင့်မြင့်မောင်းသူမဲ့လေယာဉ်တွေဝယ်ယူဖို့ အတွက် Quantum Systems ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။
အရေအတွက်ဖော်ပြမထားတဲ့ Vector ဒရုန်းတွေကို သုံးနှစ်အတွင်း ရိုမေးနီးယားတပ်မတော်ကို လွှဲပြောင်းပေးရ မှာဖြစ်ပါတယ်။
ဒေသတွင်း စစ်ဆင်ရေးပမာဏ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပြီး ရိုမေးနီးယားတပ်မတော်ရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့အတွက် ယူရိုငွေ ၁၈.၄ သန်း (ဒေါ်လာ ၁၉.၆၇ သန်း) တန်ကြေးရှိတဲ့ ကင်းထောက်ဒရုန်း တွေကို ဝယ်ယူသွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ မောင်းသူမဲ့လေယာဉ်တွေကို ရိုမေးနီးယားတပ်မတော်ကို ထောက်ပံ့ဖို့ ရိုမေးနီးယားကာကွယ် ရေးဝန်ကြီးဌာနက ကျွန်တော်တို့ကို ရွေးချယ်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။” လို့ Quantum Systems ရဲ့ဘဏ္ဍာ ရေးအကြီးအကဲ ဆဗန်ခရပ်ခ်က ပြောပါတယ်။
“အားထားရလောက်ပြီး စွမ်းရည်ပြည့်ဝတဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့အတူ ကမ္ဘာ့ကာကွယ်ရေးကဏ္ဍကို ထောက်ပံ့ရာမှာ ရိုမေးနီးယားနို်င်ငံနဲ့ အခုလို ပူးပေါင်းဆောင်ရွက်တာဟာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တစ် ရပ်ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ပျံသန်းနိုင်တဲ့အကွာအဝေး၊ ဆင်ဆာအရည်အသွေးနဲ့ ခိုင်မာစိတ်ချရတဲ့ အာမခံကာလအပြင် ယှဉ်ပြိုင်နိုင်တဲ့ ဈေးနှုန်းကြောင့် Vector မောင်းသူမဲ့လေယာဉ်တွေကို ရွေးချယ်ကြတာဖြစ်ကြောင်း မြူးနစ်မြို့အခြေစိုက် Quantum Systems ကုမ္ပဏီက ပြောပါတယ်။
ထောင်လိုက်တက်ဆင်းနိုင်တဲ့ Vector ဒရုန်းဟာ တစ်ဆက်တည်း ၃ နာရီကြာပျံသန်းနိုင်ပြီး ကီလိုမီတာ ၁၈၀ (၁၁၂ မိုင်) အထိ ပျံသန်းနိုင်ပါတယ်။
ဆူညံသံလျော့ပါးပြီး အဆင့်မြှင့်တင်ထားတဲ့ဆော့ဖ်ဝဲတွေကြောင့် GPS လက်လှမ်းမမီတဲ့နေရာတွေမှာလည်း လျှို့ဝှက်စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်း Vector ဒရုန်း အစင်း ၄၀၀ ကျော် ယူကရိန်းကို ပို့ပေးခဲ့ပြီး အဲဒီဒရုန်းတွေဟာ ယူကရိန်း စစ်မြေပြင်မှာ စစ်ဆင်ရေးနဲ့ ထောက်လှမ်းရေးတာဝန်တွေ အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ပါတယ်။
“၂၀၂၂ ခုနှစ် သြဂုတ်လကစပြီး စိန်ခေါ်မှုအမြင့်မားဆုံး အခြေအနေအောက်မှာ Vector ဒရုန်းတွေဟာ မကြုံဖူး တဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။” လို့ Quantum Systems ကုမ္ပဏီက ၂၀၂၃ ခုနှစ်မှာ ပြောပါ တယ်။
“Vector ဒရုန်းကို ယူကရိန်းစစ်မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပြီး နှံ့နှံ့စပ်စပ် စမ်းသပ်ခဲ့ပါတယ်။ အဲဒီ စစ်မြေပြင်မှာ Vector ဒရုန်းတွေဟာ စစ်သတင်းရှာဖွေစုဆောင်းြခ်င်း၊ စောင့်ကြည့်ထောက်လှမ်းခြင်းနဲ့ ကင်း ထောက်တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့ပါတယ်။” လို့ ကုမ္ပဏီက ပြောပါတယ်။
Ref: Romania Orders Ukraine-Tested Reconnaissance Drones
#PeopleMedia