ရုပ်ရှင်လုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေ အားပေးမြှင့်တင်ဖို့အတွက် ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနအဖွဲ့ ဟောင် ကောင်သို့ သွားရောက်မည်
PUBLISHED - March 11, 2024
နိုင်ငံတကာ၊ မတ် ၁၁
ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်လုပ်ငန်းနဲ့ Y Series ရုပ်သံဇာတ်လမ်းတွဲတွေ အားပေးမြှင့်တင်ဖို့အတွက် ကုန်သွယ်ရေးဝန် ကြီး ဖမ်သမ်ဝီချာယာချိုင်းက အခုသီတင်းပတ်အတွင်း ဟောင်ကောင်ကို သွားရောက်မှာဖြစ်ကြောင်း Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
ခရီးစဉ်အတွင်း ဟောင်ကောင်မှာ လယ်ယာထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးကွက်တိုးချဲ့ဖို့အတွက်လည်း ဝန်ကြီးက အခွင့်အလမ်းတွေ ရှာဖွေသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့ကနေ အင်္ဂါနေ့အထိ သွားရောက်မယ့် ခရီးစဉ်မှာလိုက်ပါမယ့် ကိုယ်စားလှယ်အဖွဲ့ကို မစ္စတာဖမ်သမ် က ဦးဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဝတ်တာယာကွန်းမန်နီးတာက ပြောပါတယ်။
ခရီးစဉ်ရဲ့အဓိကရည်မှန်းချက်က ထိုင်းနိုင်ငံနဲ့ ဟောင်ကောင်ကြား ကုန်သွယ်ရေးဆက်ဆံမှုတွေ တိုးမြှင့်သွားဖို့ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ စီးပွားရေးကဏ္ဍမှာ တာဝန်ရှိတဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာဖမ်သမ်နဲ့ ဟောင်ကောင် ကုန်သွယ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွင်းရေးမှူး အဲလ်ဂျာနန်ယောင်တို့ တွေ့ဆုံဆွေးနွေး သွားဖို့ စီစဉ်ထားပါတယ်။
ဒေသတွင်း ထိုင်းကုန်စည်နဲ့ ဝန်ဆောင်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ အထူးသဖြင့် အငယ်စား/ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနိုင်ရေး ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံရဲ့ Y ရုပ်သံဇာတ်လမ်းတွဲတွေ ကမ္ဘာကို ပျံ့နှံ့အောင် ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်နိုင်ရေး ရည်ရွယ်ပြီး ဟောင်ကောင် နိုင်ငံတကာရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်း ဈေးကွက် (FILMART 2024) ကိုလည်း တက်ရောက်သွားမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာ FILMART 2024 ထိုင်းနိုင်ငံပြပွဲမှာ ခင်းကျင်းပြသနေတဲ့ ကုမ္ပဏီ ၂၇ ခုက ထိုင်းလုပ် ငန်းရှင်တွေနဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။
ကုန်သွယ်ရေးဝန်ကြီးဌာနအဖွဲ့ဟာ ဟောင်ကောင် ဆန်ကုန်သည်ကြီးများအသင်းနဲ့လည်း တွေ့ဆုံဆွေးနွေးသွား မှာဖြစ်သလို ဒေသတွင်း ဆန်ကုန်သွယ်ရေးအတွက် China Merchants Godown, Wharf & Transportation Co နဲ့လည်း သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်က ဆန်တန်ချိန် နှစ်သိန်းခွဲကျော် တင်သွင်းခဲ့ရာမှာ ထိုင်းနိုင်ငံက ၁၄၈,၅၀၀ တန် (၅၇.၇%)၊ ဗီယက်နမ်က ၆၀,၁၀၀ တန် (၂၃.၄%) နဲ့ တရုတ်ပြည်မကြီးက ၂၁,၂၀၀ တန် (၈.၂%) တင်သွင်းခဲ့ ကြောင်း သိရပါတယ်။ ဟောင်ကောင်ဟာ အမေရိကန်နဲ့ တရုတ်ပြီးရင် ထိုင်းနိုင်ငံ ဟွမ်မာလီဆန်မွှေး တင်ပို့တဲ့ တတိယမြောက် အကြီး မားဆုံး ဈေးကွက်ဖြစ်ပါတယ်။
ဟောင်ကောင်ဟာ ထိုင်းနိုင်ငံရဲ့ ၁၃ နိုင်ငံမြောက် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သလို သတ္တမမြောက် အကြီးဆုံး ပြည်ပပို့ကုန်ဈေးကွက်လည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ထိုင်း-ဟောင်ကောင် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၃.၇ ဘီလျံ (ဘတ်ငွေ ၄၇၃ ဘီလျံ) ရှိခဲ့ရာ ပြီးခဲ့တဲ့နှစ်ထက် ၆.၉၄% မြင့်တက်လာခဲ့ပါတယ်။
Ref: Trade delegation promotes in Hong Kong: Bangkok Post
#PeopleMedia