• Follow Us on
Latest News

Home ရုရှားကိုလက်နက်ထောက်ပံ့မှုနဲ့ ဝိုင်းဝန်းအပြစ်တင်ခံနေရတဲ့ကြားက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လက်နက်စက်ရုံတွေ သွားရောက်စစ်ဆေး

ရုရှားကိုလက်နက်ထောက်ပံ့မှုနဲ့ ဝိုင်းဝန်းအပြစ်တင်ခံနေရတဲ့ကြားက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လက်နက်စက်ရုံတွေ သွားရောက်စစ်ဆေး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁

 

ရုရှားနိုင်ငံကို လက်နက်ထောက်ပံ့မှုနဲ့ မြောက်ကိုရီးယားကို အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေက ဝိုင်းဝန်းပြစ်တင် ရှုတ်ချနေစဉ်အတွင်းမှာပဲ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ အခုသီတင်းပတ်အတွင်း လက်နက် စက်ရုံတွေကို သွားရောက်စစ်ဆေးခဲ့ကြောင်း အစိုးရမီဒီယာ KCNA က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

 

လက်နက်ထုတ်လုပ်ရာမှာ လတ်တလောကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို ကင်ဂျုံအန်က ထောက်ပြခဲ့ပြီး လိုအပ်သလိုပြန်လည်ညှိနှိုင်းပြင်ဆင်ဖို့ ပြောဆိုခဲ့သလို အဓိကလက်နက်ကြီးတွေထုတ်လုပ်မှုရဲ့ မဟာဗျူဟာ မြောက်အရေးပါပုံကိုလည်း အလေးထားပြောဆိုခဲ့ပါတယ်။

 

ကင်ဂျုံအန်က လက်နက်စက်ရုံတစ်ခုကိုသွားရောက်စစ်ဆေးရာမှာ တာတိုပစ်ဒုံးကျည်တင်ယာဉ်တွေကို စစ် ဆေးနေတဲ့ပုံကို မြောက်ကိုရီးယား KCNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်တွေကို ရုရှားနိုင်ငံက ဝယ်ယူအသုံးပြုနေတာနဲ့ပတ်သက်ပြီး နိုင်ငံ ပေါင်း ၅၀ နီးပါးက ဝိုင်းဝန်း ပြစ်တင်ရှုတ်ချနေတဲ့အချိန်မှာ ကင်ဂျုံအန်ရဲ့ လက်နက်စက်ရုံတွေသွားရောက် ကြည့်ရှုတဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

 

“ယူကရိန်းနိုင်ငံမှာ မြောက်ကိုရီးယားရဲ့ပဲ့ထိန်းဒုံးကျည်တွေကို ရုရှားနိုင်ငံက အသုံးပြုနေတာကိုကြည့်ရင် မြောက်ကိုရီးယားနိုင်ငံရဲ့ နည်းပညာနဲ့ စစ်ရေးစွမ်းရည်ကို အကဲခတ်ကြည့်ရှုနိုင်တဲ့ တန်ဖိုးရှိတဲ့အခွင့်အလမ်း ကိုလည်း ရရှိနိုင်ပါတယ်။” လို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြခဲ့ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံက ရုရှားကို ဒုံးကျည်တွေလွှဲပြောင်းပေးတာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက အပြင်း ထန်ဆုံးအသုံးအနှုန်းနဲ့ ပြစ်တင်ရှုတ်ချကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန် က တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ချန်ဟိုဂျင်ကို ဖုန်းနဲ့ စကားပြောကြားရာမှာ ထည့် သွင်းပြောကြားခဲ့ပါတယ်။

 

ဒီဇင်ဘာလ ၃၀ ရက်နေ့နဲ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်အသုံးပြုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ရုရှားနိုင်ငံက ယူကရိန်းကို ဒုံးကျည်တွေနဲ့ ပိုမိုပစ်ခတ်ခဲ့ကြောင်း အမျိုးသားလုံခြုံရေး ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက အင်္ဂါနေ့က ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြသွားမှာဖြစ်ကြောင်း ဂျွန်ကာဘီက ပြောပါတယ်။

 

Ref: North Korea’s Kim visits arms factories amid criticism over trade with Russia

 

#PeopleMedia


Share this post