ရုရှားက တစ်လကို တင့်ကား ၁၀၀/၁၅၀ ထုတ်လုပ်/ပြုပြင်နိုင်တဲ့အတွက် ဥရောပထက် သာလွန်တယ်လို့ လတ်ဗီးယားကာကွယ်ရေးအတွင်းဝန်ပြော
PUBLISHED - December 14, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄
ရုရှားနိုင်ငံဟာ တစ်လကို တင့်ကားအစီးရေ ၁၀၀ ကနေ ၁၅၀ အထိ ထုတ်လုပ်နိုင်သလို ပြန်လည်ပြုပြင်နိုင်တဲ့ အတွက် အဲဒီစွမ်းဆောင်ရည်ဟာ ဥရောပဒေသကဆောင်ရွက်နိုင်တဲ့ စွမ်းဆောင်ရည်ထက်ပိုမိုသာလွန်ကြောင်း လတ်ဗီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဂျန်းနစ်ဂါရီဆွန်စ်က ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၁၃ ရက် နေ့) က ပြောကြားလိုက်ပါတယ်။
စစ်လက်နက်ပစ္စည်းတွေနဲ့ လိုအပ်တဲ့ဆက်စပ်ပစ္စည်းတွေ ပိုမိုထောက်ပံ့နိုင်စွမ်းရှိတဲ့ဘက်က စစ်ပွဲကို အနိုင်ရ တယ်ဆိုတာ သမိုင်းက ရှင်းရှင်းလင်းလင်း သက်သေပြထားကြောင်း ကာကွယ်ရေး အတွင်းဝန် ဂျန်းနစ်ဂါရီ ဆွန်စ်က ပြောပါတယ်။
အရည်အသွေးပြည့်ဝပြီး မှန်မှန်ကန်ကန် စီစဉ်ဆောင်ရွက်ထားတဲ့ လော်ဂျစ်စတစ်လုပ်ငန်းက အာမခံထားတဲ့ လျင်မြန်တိကျတဲ့ ထောက်ပံ့ရေးကွင်းဆက် လိုအပ်ပုံကိုလည်း ၎င်းကအလေးပေးပြောဆိုခဲ့ပါတယ်။
“စစ်သည်တွေအရေအတွက်ကို ကျွန်တော်တို့ တိုးမြှင့်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်တဲ့ အရည်အတွက်အတိုင်း ထုတ်လုပ်နိုင်စွမ်းမရှိသေးတဲ့ လက်နက်တွေ၊ တင့်ကားတွေနဲ့ တခြား စစ် လက်နက်ပစ္စည်းတွေကိုလည်း ကျွန်တော်တို့ လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
စစ်ပွဲနိုင်ဖို့အတွက် စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုအခြေစိုက်စခန်းတစ်ခုရှိဖို့ လိုအပ်သလို ဥရောပအနေနဲ့ အဲဒီ ကဏ္ဍကို မြှင့်တင်ဖို့လိုသေးကြောင်း ၎င်းက ပြောပါတယ်။
တပြိုင်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံကို Franken SAM လေကြောင်းရန်ကာကွယ် ရေးဒုံးကျည်တွေ ပြည်တွင်းမှာထုတ်လုပ်နိုင်ဖို့အတွက် နည်းပညာအချက်အလက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန်နဲ့ ယူကရိန်းတို့ဟာ စစ်လက်နက်ပစ္စည်းတွေ ပူးပေါင်းထုတ်လုပ်ဖို့ စီစဉ်နေသလို နည်းပညာဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း အပြန်အလှန်ဖလှယ်နေကြတယ်လို့ ဆိုပါတယ်။
Ref: Latvian Defense Ministry: Russia can produce and repair 100-150 tanks per month, which is much more than Europe
#PeopleMedia