ရုရှားခြိမ်းခြောက်မှုမြင့်တက်လာတဲ့အတွက် အမေရိကန်က ဗြိတိန်ကို နျူကလီးယားလက်နက်တွေ ပို့ဆောင် မည်
PUBLISHED - January 31, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁
ရုရှားနိုင်ငံရဲ့ ခြိမ်းခြောက်မှုမြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံကို နျူကလီးယားလက်နက်တွေ ပို့ဆောင်ထားဖို့ အမေရိကန်အစိုးရက စီစဉ်နေကြောင်း The Telegraph က ရေးသားဖော်ပြထားပါတယ်။
၁၉၄၅ ခုနှစ်က ဟီရိုရှီးမားမြို့ကို ဖျက်ဆီးခဲ့တဲ့ အနုမြူဗုံးထက် သုံးဆပြင်းထန်တဲ့ B61-12 နျူကလီးယားဗုံးတွေ ကို အင်္ဂလန်အရှေ့ပိုင်း လိတ်ကန်ဟိ(တ်) ကျေးရွာမှာတည်ရှိတဲ့ တော်ဝင်လေတပ် (RAF) ကို ပေးပို့ပြီး အဲဒီမှာ နေရာမှာ တပ်ဖြန့်ချထားမယ်လို့ ဆိုပါတယ်။
အခုလို နျူကလီးယားဗုံးတွေ တပ်ဖြန့်ချထားဖို့ စီစဉ်နေတာဟာ မကြာခင်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ယူဆရတဲ့ ကြိုတင်မျှော်လင့်ထားတဲ့ နျူကလီးယားစစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ The Telegraph က ပြောပါတယ်။
စီစဉ်ထားတဲ့တပ်ဖြန့်ချထားမှုနဲ့ တိုက်ဆိုင်စွာပဲ တန်ဖိုးကြီး စစ်လက်နက်ပစ္စည်းတွေကို ကာကွယ်ဖို့အတွက် အဲဒီ စစ်စခန်းနေရာမှာ အမေရိကန်အစိုးရက နျူကလီးယားလက် နက်စက်ရုံတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
အဆိုပါသတင်းနဲ့ပတ်သက်ပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အတည်ပြု/ငြင်းပယ် ခြင်းမရှိဘဲ “အခုပြောထားတဲ့နေရာမှာ နျူကလီးယားလက်နက်တွေထားရှိတဲ့ သတင်းနဲ့ပတ်သက်ပြီး အရေးကြီး တဲ့သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်းမပြုဖို့ ကာလရှည်ဆွဲကိုင်ထားတဲ့ ဗြိတိန်နဲ့ နေတိုး အဖွဲ့ရဲ့ မူဝါဒဟာ နဂိုအတိုင်းပဲရှိသေးကြောင်း ပြောပါတယ်။
အမေရိကန်အစိုးရက ဗြိတိန်နိုင်ငံကို နောက်ဆုံးအကြိမ် နျူကလီးယားလက်နက်တွေပို့ဆောင်ခဲ့တာ ၂၀၀၈ ခုနှစ်က ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားအနိုင်ရသွားခဲ့ရင် ရုရှားအစိုးရဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်လက်တိုက်ခိုက်လိမ့် မယ်ဆိုတဲ့ “ယူကရိန်းစစ်ပွဲနောက်ဆက်တွဲ အဆိုးရွားဆုံးအနာဂတ်ကာလမှန်းဆချက်” ပါဝင်တဲ့ ဂျာမန်စစ်တပ် ရဲ့ သတင်းအချက်အလက်ပေါက်ကြားမှထွက်ပေါ်လာပြီးနောက်မှာ အခုလို အမေရိကန်က ဗြိတိန်မှာ နျူကလီး ယားလက်နက်တွေ သိုလှောင်ထားမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံဟာ မဟာမိတ်အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်သလို ယူကရိန်းကို အမေရိကန်ပြီးရင် ဒုတိယအများ ဆုံး စစ်လက်နက်ပစ္စည်းတွေထောက်ပံ့နေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
လာမယ့်အနှစ် ၂၀ အတွင်းမှာ ရုရှားနဲ့ စစ်မက်ဖြစ်ပွားလာနိုင်တဲ့အတွက် မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံ သားတွေအနေနဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ နေတိုးအဖွဲ့စစ်ရေးအရာရှိ ရေတပ်ဗိုလ်ချုပ်ကြီး ရော့ဘ် ဘာရာက အဖွဲ့ဝင်နိုင်ငံတွေကို အခုလအစောပိုင်းက ပြောကြားခဲ့ပါတယ်။
စစ်ပွဲတစ်ခုရင်ဆိုင်တိုက်ခိုက်ဖို့ ဗြိတိန်တပ်မတော်အနေနဲ့ အင်အားနည်းပါးလွန်းတဲ့အတွက် စစ်တိုက်ဖို့ လူထု ကို ဆင့်ခေါ်ရနိုင်ဖွယ်ရှိကြောင်း ဗြိတိန်ကြည်းတပ်ဦးစီးချုပ် ပက်ထရစ်ဆန်းဒါးစ်ကလည်း ပြောပါတယ်။
အမေရိကန်လက်နက်တွေကို ဗြိတိန်နိုင်ငံထဲမှာ လာရောက်နေရာချထားတာဟာ တင်းမာမှုတွေမြင့်တက်လာ စေဖို့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ မော်စကိုအစိုးရက ယူဆမှာဖြစ်ကြောင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ အ တွင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက သတိပေးလိုက်ပါတယ်။
Ref: US to Station Nuclear Weapons in UK amid Growing Russian Threats: Reports
#PeopleMedia