ရုရှားစစ်တပ်က အီလွန်မတ်ရဲ့ Starlink ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို စစ်ဆင်ရေးမှာအသုံးပြုနေကြောင်း ယူကရိန်းထောက်လှမ်းရေးပြော
PUBLISHED - February 14, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄
ယူကရိန်းစစ်ပွဲအတွင်း မြို့ကြီးတချို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ရုရှားတပ်တွေအနေနဲ့ အီလွန်မတ်ရဲ့ Starlink ဂြိုဟ်တုကို စတင်အသုံးပြုလာတာတွေ့ရကြောင်း မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ယူကရိန်းထောက်လှမ်းရေး အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် Starlink ဂြိုဟ်တု ဝန်ဆောင်မှုလုပ်ငန်း အမြန်ရောက်ရှိလာပြီး စစ်မြေပြင်ဆက်သွယ်ရေးစနစ်တွေကို အထောက်အကူပေးနိုင်ခဲ့ ပါတယ်။
ဒါပေမဲ့ ရုရှားအစိုးရကလည်း အမေရိကန်အခြေစိုက်ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အသုံးပြုခွင့်ရနေတာကို တွေ့ရှိရကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (GRU) က ပြောပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ဆက်သွယ်ရေးစခန်းတွေတည်ထောင်ထားဖို့ ရုရှားရဲ့ အမှတ် ၈၃ လေကြောင်းချီ တပ်မက တပ်ဖွဲ့ဝင်တွေ ဆွေးနွေးနေတဲ့ပုံတွေပါတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တယ်လီဂရမ်ပေါ်မှာ တွေ့မြင်ရပါတယ်။
ရုရှားတပ်တွေအနေနဲ့ အဲဒီဆက်သွယ်ရေးစနစ်တွေကို ဘယ်လောက်အတိုင်းအတာအထိ အသုံးပြုနေတယ်၊ တာမနယ်တွေကို ဘယ်လိုရရှိခဲ့တယ်ဆိုတာ GRU က အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ရုရှားတွေ ဟာ အဲဒီဆက်သွယ်ရေးစနစ်တွေကို တတိယနိုင်ငံတွေကတစ်ဆင့် ရရှိခဲ့တာဖြစ်နိုင်ကြောင်း ယူကရိန်း စစ်ရေး ဝက်ဆိုက် Militarnyi က ပြောပါတယ်။
အဲဒီတာမနယ်တွေဟာ ခွင့်ပြုချက်မရှိတဲ့နေရာတွေမှာ အသုံးပြုလို့မရအောင် ပထဝီအနေအထားကန့်သတ် ထားတာကြောင့် ရုရှားတွေ အဲဒီ Starlink တာမနယ်တွေကို ဘယ်လိုရရှိလာပြီး ဘယ်လိုအသုံးပြုနေတယ်ဆို တာ ဆန်းကြယ်တဲ့ပဟေဠိတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။
အီလွန်မတ်က ၎င်းရဲ့ SpaceX ကုမ္ပဏီဟာ ရုရှားအစိုးရနဲ့ရော ရုရှားစစ်တပ်နဲ့ပါ ဘယ်လိုလုပ်ငန်းမျိုးမှ လုပ် ဆောင်နေတာမရှိကြောင်း အရင်ကတည်းက ပြောကြားခဲ့ပါတယ်။ Starlink ဂြိုဟ်တုဆက်သွယ်ရေးစနစ်ဟာ ရုရှားနိုင်ငံမှာမရှိကြောင်း ၎င်းက အခိုင်အမာပြောပါတယ်။
“SpaceX ကုမ္ပဏီဟာ Starlink ဆက်သွယ်ရေးစနစ်ကို ရုရှားနိုင်ငံကို ဘယ်တုန်းကမှ မရောင်းခဲ့သလို ဘယ် တုန်းကမှလည်း ဈေးကွက်ချဲ့ထွင်ခဲ့တာမရှိပါဘူး။ တကယ်လို့ ရုရှားတွေက အဲဒီနိုင်ငံထဲမှာ Starlink ဆက် သွယ်ရေးစနစ်ရမယ်ဆိုပြီး ရောင်းချဖို့ ပြောနေတယ်ဆိုရင် သူတို့တွေ စားသုံးသူတွေကို ညာနေတာဖြစ်ပါ တယ်။” လို့ ကုဋေကြွယ်သူဌေးကြီး အီလွန်မတ်က X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။
Starlink တာမနယ်တစ်ခုကို ခွင့်ပြုချက်မရတဲ့အဖွဲ့အစည်းတစ်ခုခုက အသုံးပြုနေတဲ့သတင်းကို ၎င်းရဲ့ကုမ္ပဏီ ကသိရင် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး တာမနယ်သုံးစွဲခွင့်ပိတ်ပင်သွားမှာဖြစ်ကြောင်း အီလွန်မတ် က ပြောပါတယ်။
Ref: Russian Military Now Using Musk’s Starlink on Battlefield: Ukraine Intel
#PeopleMedia