ရုရှားစစ်ရေးလှုပ်ရှားမှုကိုစောင့်ကြည့်ရန် နေတိုးအဖွဲ့က လစ်သူယေးနီးယားမှာ စောင့်ကြည့်ထောက်လှမ်း လေယာဉ်တွေ တပ်ဖြန့်ချသွားမည်

PUBLISHED - September 29, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၉
နေတိုးမဟာမိတ်နိုင်ငံအနီးက ရုရှားစစ်ရေးလှုပ်ရှားမှုကို စောင့်ကြည့်နိုင်ဖိ့အတွက် နေတိုးအဖွဲ့ဟာ လစ်သူယေး နီးယားနိုင်ငံမှာ စောင့်ကြည့်ထောက်လှမ်းလေယာဉ်တွေကို တပ်ဖြန့်ချထားတော့မှာဖြစ်ပါတယ်။
ပထမဦးဆုံး အေဝပ် (လေကြောင်းအချက်ပေးနဲ့ ထိန်းချုပ်ရေးစနစ် Airborne Warning and Control System – AWACS) လေယာဉ် ၂ စင်းဟာ ကြာသပတေးနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) မှာ ဘော်လတစ်နိုင်ငံကို ရောက်ရှိလာမှာဖြစ်ကြောင်း နေတိုးအဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီလေယာဉ်တွေဟာ လာမယ့်ရက်ပိုင်းအတွင်း ယာယီစစ်ဆင်ရေးတာဝန်တွေကို စတင်ထမ်းဆောင်သွားမှာ ဖြစ်ပြီး လေးငါးပတ်လောက်ကြာမြင့်မှာဖြစ်ကြောင်း သိရပါတယ်။
“ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့အတွက် ဘော်လတစ်ဒေသလုံခြုံရေးအတွက် ကျွန် တော်တို့ရဲအာရုံစိုက်ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ခဲ့ရပါတယ်။” လို့ နေတိုးအဖွဲ့ရဲ့ခေတ္တပြောခွင့်ရပုဂ္ဂိုလ် ဒိုင်လန်ဝှိုက်က ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ အေဝပ်လေယာဉ်ဟာ ကီလိုမီတာပေါင်းများစွာက ပျံသန်းလာတဲ့ လေယာဉ်တွေနဲ့ ဒုံးကျည် တွေကို ခြေရာခံနိုင်ပြီး နေတိုးတပ်ဖွဲ့တွေကို ကြိုတင်သတိပေးနိုင်စွမ်းရှိပါတယ်။ အေဝပ်လေယာဉ်တွေကိုလက် ခံပေးတဲ့အတွက် လစ်သူယေးနီးယားနိုင်ငံကို ကျေးဇူးတင်ပါတယ်။ ဒီလိုလက်ခံတာဟာ ကျွန်တော်တို့အားလုံး ရဲ့လုံခြုံရေးအတွက် အရေးကြီးတဲ့အထောက်အကူပြုမှုတစ်ခုဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
နေတိုးအဖွဲ့မှာ ဘိုးရင်း ကုမ္ပဏီထုတ် E-3A AWACS လေယာဉ် ၁၄ စင်းရှိပြီး များသောအားဖြင့် အဲဒီလေယာဉ် တွေအားလုံးဟာ ဂျာမနီနိုင်ငံအနောက်ပိုင်း ဂါလန်ကိချန် (Geilenkirchen) မှာ အခြေစိုက်ထားတာဖြစ်ပါတယ်။
အေဝပ် (AWACS) လေယာဉ်တွေဟာ အမြင့်ပေ ၃၀၀၀၀ (မီတာ ၉၀၀၀) ဝန်းကျင်မှာ ရှစ်နာရီခွဲကြာအောင် ပျံ သန်းနေနိုင်ပြီး ပိုလန်နိုင်ငံအကျယ်အဝန်းလောက်ရှိတဲ့ နယ်မြေတစ်ခုကို စောင့်ကြည့်ထောက်လှမ်းနိုင်ပါတယ်။ ဒါ့အပြင် အေဝပ်လေယာဉ်တွေဟာ လေထဲမှာ ဆီဖြည့်ပြီး ပိုပြီးကြာရှည်ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။
လစ်သူယေးနီးယားနိုင်ငံဟာ ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက်ဒေသ၊ ရုရှားရဲ့မဟာမိတ် ဘယ်လာရုစ်နိုင်ငံတို့နဲ့ နယ်နမိတ်ချင်းထိစပ်နေပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံက ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်လိုက်ကတည်းက နေတိုးအဖွဲ့ဟာ ၎င်းတို့ရဲ့ အရှေ့ဖျားစစ်တောင်ပံ့ကို အားဖြည့်လျက်ရှိပါတယ်။
ရုရှားရန်ကိုကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ နေတိုးမဟာမိတ်အဖွဲ့ဟာ ၂၀၁၇ ခုနှစ်မှာ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စ်တိုးနီးယားနဲ့ ပိုလန်နိုင်ငံတို့မှာ တပ်ရင်းအဆင့် နိုင်ငံပေါင်းစုံတပ်ဖွဲ့တွေကို တပ်ဖြန့်ချထားခဲ့ ပါတယ်။
၂၀၂၂ ခုနှစ် အစောပိုင်းကာလ ယူကရိန်းကျူးကျော်စစ်စတင်ကတည်းက အရှေ့ဥရောပနို်င်ငံတွေဖြစ်တဲ့ ဘူလ် ဂေးရီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယားနဲ့ ဆလိုဗက်ကီးယားနိုင်ငံတွေမှာ နေတိုး တပ်တွေကို တိုးချဲ့ချထားခဲ့ပါ တယ်။
ဒေသတွင်းမှာ တိုက်ပွဲဝင်အဆင်သင့်ဖြစ်နေတဲ့ နေတိုးတပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ကျော်အထိ တိုးမြှင့်ချသွားဖို့ နေတိုး မဟာမိတ်နိုင်ငံတွေက ကတိပြုခဲ့ကြပါတယ်။
ဒါ့အပြင် ဖင်လန်နဲ့ ရိုမေးနီးယားအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ လေကြောင်းကင်းလှည့်ဖို့အတွက် ကင်း ထောက်လေယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေကိုလည်း တပ်ဖြန့်ချထားပါတယ်။
Ref: NATO Jets Deployed in Lithuania to Track Russian Movements
#PeopleMedia