ရုရှားစွမ်းအင်ကုမ္ပဏီနှင့် ပူးပေါင်းကာ ပုပ္ပါးဒေသတွင် (၂၀၀)မဂ္ဂါဝပ် လေအားလျှပ်စစ် စီမံကိန်း ဖော်ဆောင်မည်

PUBLISHED - January 15, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသတွင် ရုရှားစွမ်းအင်ကုမ္ပဏီနှင့် ပူးပေါင်းကာ ပုပ္ပါး (၂၀၀) မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုပ္ပါး(၂၀၀)မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိင်ငံမှ Zeya & Associates နှင့် ရုရှားဘက်မှ Rosatom Renewable Energy တို့ ပူးပေါင်းကာ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
ဇန်နဝါရီလ (၁၄)ရက်မွန်းလွဲပိုင်းက ပုပ္ပါး (၂၀၀) မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် Zeya & Associates နှင့် Rosatom Renewable Energy ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် Zeya & Associates ကုမ္ပဏီမှ တာဝန်ရှိသူများက လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ရန် လိုအပ်သည့်မြေနေရာအခြေအနေများ၊ လေအားလျှပ်စစ်စီမံကိန်းလည်ပတ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းလေ့လာတွေ့ရှိချက်များနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသည့် လေအားလျှပ်စစ်စီမံကိန်း ၈ ခုတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း တစ်ခုလည်း ပါဝင်ကြောင်းနှင့် စီမံကိန်းအား အမြန်ဆုံး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲမှ လိုအပ်သည်များကို နိုင်ငံတော်မူဝါဒများနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#PeopleMedia