ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်(၂၀၂၃) (REW-2023) သို့ မြန်မာတက်ရောက်
PUBLISHED - October 13, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃) (REW-2023)သို့ တက်ရောက်ကြသည်။
အဆိုပါ Forum သို့ နိုင်ငံပေါင်း ၆၀ ကျော်မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဝန်ကြီးများ၊ သံတမန်များနှင့် CIS မှ လုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံတကာမှ လွှတ်တော်အမတ်များ၊ နိုင်ငံတော်နှင့် ဒေသတွင်း အဖွဲ့အစည်းများ၏ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မျက်နှာစုံညီအစည်း အဝေး (Plenary Session) တွင် “Technological Sovereignty and Low-Carbon Energy : Looking to Tomorrow” ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုအစီအစဉ်သို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက စွမ်းအင်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်နေမှုများနှင့် ကမ္ဘာ ကြီးပူနွေးလာမှု၊ ၎င်းကာဗွန်ဒိုင်အောက်ဆိုက်များ လျှော့ချနိုင်ရေးအတွက် သန့်စင်သောစွမ်းအင် (Green Energy)များအသုံးပြုနိုင်မှု၊ နျူကလီးယားနည်းပညာမှ စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းနိုင်မှု၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုမရှိဘဲ နိုင်ငံ၏စီးပွားရေးတိုးတက်မှုကဏ္ဍတွင် အထောက်အကူပြုပုံနှင့် ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မှုတို့ကို ဆွေးနွေးကြသည်။
ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom၏ အကြီးအကဲဖြစ်သူဥက္ကဋ္ဌ အလက်ဆီလီကာချော့နှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍနှင့် လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ Nuclear Infrastructure အတွက် နားလည်မှု စာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားစွမ်းအင်ရက် သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃ )(REW- 2023) ၏ စုံညီအစည်းအဝေးသို့ တက်ရောက်ကြသည်။
ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် အပြင်းထန်ဆုံးသောပြဿနာများကို ဖြေရှင်းရေး၊ အပြည်ပြည်ဆိုင်ရာအစီအစဉ်၊ ရာသီဥတု၊ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်သုံးဆီနှင့် စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် REW -2023 ဆွေးနွေးမှုများတွင် ပါဝင်သူများက စွမ်းအင်ထောက်ပံ့မှုနှင့် ကုန်ကြမ်းများအတွက် ကမ္ဘာ့ဈေးနှုန်းများဖွဲ့စည်းပုံ၊ ရေနံလုပ်ငန်းအတွက် အလားအလာနှင့် ရာသီဥတုဆိုင်ရာ အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#PeopleMedia