ရုရှားတောင်ပိုင်းက ဒရုန်းသိုလှောင်ရုံတစ်ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းပြော

PUBLISHED - October 11, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၁၁
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံတောင်ပိုင်း ကရပ်ရှ်နတ်ဒါဒေသမှာရှိတဲ့ ဒရုန်းတွေ ရာနဲ့ချီသိုလှောင်ထားတဲ့ ဒရုန်းသိုလှောင်ရုံတစ်ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၉ ရက်နေ့) က ပြောပါတယ်။
အဆိုပါဒေသက စစ်စခန်းတစ်ခုမှာ မီးလောင်ပေါက်ကွဲပြီး မီးတောက်တွေ မြင့်တက်နေတဲ့ပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
ကရပ်ရှ်နတ်ဒါဒေသ၊ အော်တီးယာ့ဘတ်စကီးမြို့အနီးမှာတည်ရှိတဲ့ ဒရုန်းအစင်း ၄၀၀ လောက် သိုလှောင် ထားတဲ့ ရှာဟဒ်ဒရုန်းသိုလှောင်ရုံကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းစစ်တပ်ကလည်း တယ်လီဂရမ်မှာ ရေးသားထားပါတယ်။
“ရှာဟဒ်ဒရုန်းသိုလှောင်ရုံကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာဟာ ယူကရိန်း မြို့ကြီးတွေနဲ့ ကျေးရွာတွေမှာရှိတဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတဲ့ ကျူးကျော်သူရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုစွမ်း ရည်ကို သိသိသာသာ လျှော့ချပစ်လိုက်တာပဲဖြစ်ပါတယ်။” လို့ ရေးသားထားပါတယ်။
ကရပ်ရှ်နတ်ဒါဒေသဟာ ယူကရိန်းထိန်းချုပ်ထားတဲ့ ရှေ့တန်းစစ်မျက်နှာကနေ ကီလိုမီတာ ၁၅၀ (၉၃ မိုင်) ဝန်း ကျင်ကွာဝေးတဲ့ ပင်လယ်နက်ဒေသ ခရိုင်းမီးယားကျွန်းဆွယ် အရှေ့ဘက်မှာ တည်ရှိပါတယ်။
ရှာဟဒ်ဒရုန်းတွေဟာ နှစ်နှစ်ခွဲကြာ ယူကရိန်းစစ်ပွဲမှာ ရုရှားတွေကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ အီရန်နိုင်ငံ က ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ အသေခံဒရုန်းတွေ ဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ရုရှားဘက်က ချက်ချင်းတုံ့ပြန်ပြောကြားတာ မရှိသေးပါဘူး။ ကရပ်ရှ်နတ်ဒါဒေသအာဏာပိုင်တွေကတော့ “အော်တီးယာ့ဘတ်စကီးမြို့အနီးမှာ သိုလှောင်ရုံတစ်ခု မီးလောင် ခဲ့ကြောင်း” ပြောကြားခဲ့ပါတယ်။
“ကနဦးသတင်းတွေအရတော့ ထိခိုက်သေဆုံးသူ မရှိကြောင်း သိရပါတယ်။” လို့ ကရပ်ရှ်နတ်ဒါဒေသ စစ်ဆင် ရေးဌာနချုပ်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
မီးသတ်သမားတွေက အဆိုပါသိုလှောင်ရုံမီးကို ကြိုးစားငြိမ်းသတ်နေပြီး အနီးအနားက ဝင်ထွက်လမ်းတွေကို ပိတ်ထားတယ်လို့ ဆိုပါတယ်။
Ref: Ukraine Says Destroyed Drone Storage Base in South Russia
#PeopleMedia