ရုရှားနိုင်ငံဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ဘဏ်စာရင်းဖွင့်လှစ်သည့် သဘောတူစာချုပ် အား လက်မှတ်ရေးထိုး

PUBLISHED - September 16, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင် ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum) တက်ရောက်ခဲ့သည်။
ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်နေ့၊ နေ့လည် ပိုင်းတွင် ရုရှားသမ္မတ၏အကြံပေး၊ ရုရှားရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ဥက္ကဋ္ဌ မစ္စတာ အန်တွန် ကိုဗျာကော့ဗ် (Mr. Anton Kobyakov) ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ရော့စ်ကွန် ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က မြန်မာ နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး မစ္စတာ မာ့ခ်ဆင် ရီရှတ်နီကို့ဗ် (Mr. Maxim Reshetnikov) ခေါင်းဆောင်သော အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင် အစည်းအဝေးကျင်းပရေး၊ မြန်မာ-ရုရှားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ JSC Russian Railways မှ First Deputy CEO Mr. Sergey Pavlov ခေါင်းဆောင်သည့် အဖွဲ့ နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ရထားလမ်းတည်ဆောက်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ နိုင်ငံရှိ စက်ခေါင်းနှင့် လူစီးတွဲစက်ရုံများတွင် စီမံကိန်း လုပ်ငန်းအသစ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ရုရှားနိုင်ငံ တက္ကသိုလ်များအနေဖြင့် ရထား ပညာတော်သင်များ ဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ရထားလုပ်ငန်းများ အတွက် နည်းပညာနှင့် ငွေကြေးအထောက်အပံ့များ ရရှိနိုင်ရေးနှင့် ကုန်းတွင်းဆိပ်များတည်ဆောက်ရေး လုပ် ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အီဗန် ဗီတိုရိုဗစ်ရှ် ပိုလီရာကော့ဗ် (Mr. Ivan Viktorovich Polyakov) ခေါင်းဆောင်သော အဖွဲ့ နှင့် တွေ့ဆုံ ဆွေးနွေး၍ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား ရင်း နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဖိုရမ်ကျင်းပစဉ် ကာလအတွင်း ရုရှားနိုင်ငံ၏ ဒေသဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမှု အနေဖြင့် စက်တင် ဘာလ ၁၂ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အလယ်ပိုင်းရှိ အီကွတ်မြို့၏ Governor ခေါင်းဆောင် သော အဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလာမှု လုပ်ငန်းများနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို လည်းကောင်း၊ စက်တင်ဘာလ ၁၃ ရက် နေလည်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ပရီမော့စကီးဒေသ၏ Governor ခေါင်းဆောင်သော အဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရေကြောင်းဆိုင်ရာ ကုန်သွယ်မှု ဖြစ်နိုင်ခြေ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ယခု ခရီးစဉ်အတွင်း ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေ စေရန်နှင့် ငွေပေး ချေမှုများ အဆင်ပြေချောမွေ့စေရန်အတွက် ရုရှားဘဏ်များမှ မြန်မာနိုင်ငံ၌ ဘဏ်ခွဲ (သို့မဟုတ်) ကိုယ်စားလှယ်ရုံးခွဲများ လာရောက်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ဘဏ်စာရင်းဖွင့်လှစ်သည့် သဘောတူ စာချုပ်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌတို့က လည်းကောင်း၊ နှစ်နိုင်ငံခရီးသွားဧည့်သည် ဝင်ရောက်မှုများ တိုးမြင့် လာစေရေး၊ ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု အရည်အသွေးများ မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းအလား အလာများ တိုးမြင့် လာစေ ရေးနှင့် ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာ စေရေးတို့ကိုရည်ရွယ်၍ ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဝန်ကြီးတို့ကလည်းကောင်း နှစ်နိုင်ငံသဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြသည်။
#PeopleMedia