ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ “အလွန်ခိုင်မာတဲ့ သွေးသောက်ရဲဘော်တစ်ဦး” ဖြစ်ကြောင်း ကင်ဂျုံအန် ပြော
PUBLISHED - June 12, 2024
နိုင်ငံတကာ၊ ဇွန် ၁၂
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သမ္မတဗလာဒီမာပူတင်ထံ ပေးပို့တဲ့စာထဲမှာ ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ “အလွန်ခိုင်မာတဲ့ သွေးသောက်ရဲဘော်တစ်ဦး” ဖြစ်တယ်လို့ ဖော်ပြထားကြောင်း အစိုးရ မီဒီယာ KNCA က ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
သမ္မတပူတင်ဟာ မကြာခင်အချိန်အတွင်း မြောက်ကိုရီးယားကို လာရောက်နိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်း ထားကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ရုရှားအာကာသစခန်းတစ်ခုမှာ သမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ရတာဟာ နှစ်နိုင်ငံ ရာစုနှစ်နဲ့ချီတဲ့ မဟာ ဗျူဟာမြောက်ဆက်ဆံရေးကို မြှင့်တင်လိုက်တာဖြစ်ကြောင်း ရုရှားအမျိုးသားနေ့ဖြစ်တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ ကင်ဂျုံအန်က ပြောပါတယ်။
သမ္မတပူတင်ဟာ မကြာခင်သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားနဲ့ ဗီယက်နမ်တို့ကို သွားရောက်မှာဖြစ် ကြောင်း ရုရှားနိုင်ငံထုတ် ဗေဒိုမိုစတီသတင်းစာမှာ တနင်္လာနေ့က ဖော်ပြလိုက်ပြီးနောက် ကင်ဂျုံအန်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ပူတင်ရဲ့ဗီယက်နမ်ခရီးစဉ်ဟာ ဇွန်လ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ စီစဉ်ထားပေမဲ့ အတည်မပြုရသေး ကြောင်း ဗီယက်နမ်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ နယ်ပယ်အားလုံးမှာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်လိုပေမဲ့ သမ္မတ ပူတင်ရဲ့ခရီးစဉ်ရက်သတ်မှတ်မှုကိုတော့ အတည်မပြုရသေးကြောင်း ရုရှားအစိုးရက ပြောပါတယ်။
ကင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံ အရှေ့ဖျားဒေသကို သွားရောက်ခဲ့ရာ Vostochny Cosmodrome အာကာသစခန်းကို ရောက်ရှိခဲ့စဉ် မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုတည်ဆောက်ရေးလုပ်ငန်းကို အကူအညီပေးဖို့ သမ္မတပူတင်က ကတိပြုခဲ့ပါတယ်။
ရန်လိုတဲ့နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ ဖိအားတွေနဲ့ စိန်ခေါ်မှုတွေကို ပြန်လည်တိုက်ဖျက်နေရပေမဲ့ အင် အားတောင့်တင်းတဲ့နိုင်ငံတစ်နိုင်အဖြစ် တည်ဆောက်ဖို့ အောင်မြင်စွာကြိုးပမ်းအားထုတ်နိုင်တဲ့အတွက် ရုရှားနိုင် ငံကို ကင်က ချီးကျူးပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့ဟာ မကြာသေးခင်လတွေအတွင်းက သံတမန်ရေ၊ လုံခြုံရေးဆိုင်ရာကဏ္ဍတွေ မှာမြှင့်တင်ခဲ့သလို အစိုးရ၊ လွှတ်တော်နဲ့ တခြားကိုယ်စားလှယ်အဖွဲ့တွေကိုလည်း အပြန်အလှန်စေလွှတ်ခဲ့ခြင်း အားဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို သိသိသာသာ မြှင့်တင်ခဲ့ပါတယ်။
Ref: North Korea’s Kim boasts of ‘invincible’ ties with Russia amid talks of Putin visit
#PeopleMedia