ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် UEC ဥက္ကဋ္ဌ ရုရှားသို့ ထွက်ခွာ
PUBLISHED - September 7, 2023
နေပြည်တော်၊ စက်တင်ဘာ ၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ဖိတ်ကြားလာမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ အကြား နားလည်မှုစာချွန်လွှာလက် မှတ်ရေးထိုးရန်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒေသန္တရ ရွေးကောက်ပွဲသို့ လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်တို့သည် ယမန်နေ့ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်၍ ဗဟိုရွေးကောက်ပွဲ ကော်မရှင်နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း၊ ဒေသန္တရရွေးကောက်ပွဲသို့ သွားရောက်လေ့လာခြင်း အားဖြင့် နှစ်နိုင်ငံအကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည်ဖြစ်ပြီး ရုရှား နိုင်ငံ၏ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲကျင်းပပုံ လုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက် ခြင်းလုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်မည်ဖြစ်၍ ခရီးစဉ်သည် စက်တင်ဘာလ ၆ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia