ရုရှားနဲ့ တရုတ်နိုင်ငံသားတွေ အမေရိကန်စစ်စခန်းတွေကို စိမ့်ဝင်ထိုးဖောက်ဖို့ ကြိုးစားနေကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးသတိပေး

PUBLISHED - May 29, 2024
နိုင်ငံတကာ၊ မေ ၂၉
အမေရိကန်စစ်စခန်းတွေကို စိမ့်ဝင်ထိုးဖောက်နိုင်ဖို့ တရုတ်နဲ့ ရုရှားနိုင်ငံက အရှိန်မြှင့်ဆောင်ရွက်နေတဲ့အတွက် အမျိုးသားလုံခြုံရေးကို ထိခိုက်လာနိုင်ဖွယ်ရှိကြောင်း အမေရိကန်ရေတပ်က ထိပ်တန်းအရာရှိကြီးတစ်ဦးက သ တိပေးပြောကြားလိုက်ပါတယ်။
အဲဒီအနီးကပ်ပြိုင်ဘက်နှစ်နိုင်ငံဟာ အမေရိကန်ရေတပ်စခန်းတွေကိုပဲ တစ်ပတ်မှာ နှစ်ကြိမ်ထက်မနည်း စိမ့်ဝင် ထိုးဖောက်ဖို့ ကြိုးစားနေကြောင်း အမေရိကန်ရေယာဉ်အုပ်များရဲ့အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဒါးယယ်လ် ကားဒယ်လ်က မကြာသေးခင်ကပဲ Fox News သတင်းဌာနကို ပြောပါတယ်။
အဲဒီလိုစိမ့်ဝင်ထိုးဖောက်သူတွေဟာ အမေရိကန်နိုင်ငံထဲမှာနေထိုင်ဖို့ ကြောင်းကျိုးဆီလျော်ကြောင်းပြဖို့အတွက် ပတ်စ်ပို့စ်နဲ့ တခြားအထောက်အထားတွေရှိပေမဲ့လည်း ၎င်းတို့ကို စစ်စခန်းတွေကို သွားရောက်ခွင့်ပေးခဲ့တာက အလွန်အမင်း သံသယဖြစ်ဖွယ်ရာကောင်းကြောင်း ဗိုလ်ချုပ်ကြီး ကားဒယ်လ်က ပြောပါတယ်။
“ထုံးစံအတိုင်း အပေါ်ယံဟန်ပြအနေနဲ့ကတော့ ကျွန်တော်ကတော့ ကျောင်းသားပါ၊ ကျွန်တော်က အရမ်းစိတ် ဝင်စားတဲ့သူပါ၊ ကျွန်တော် သင်္ဘောတွေကြည့်ချင်လို့ပါ ဆိုတဲ့ပုံစံနဲ့ ဝင်လာကြတာချည်းပါပဲ။ ကျွန်တော်တို့က သူတို့ကို တစ်ဖက်လှည့်နဲ့ ကိုယ်ရေးအချက်အလက်တွေရယူခဲ့ပါတယ်။ ဒီသံသယဖြစ်ဖွယ်ရာစိမ့်ဝင်လာသူတွေ ရဲ့ နောက်ကွယ်ကအကြောင်းရင်းကိုတော့ ပြောဖို့ ခက်ပါတယ်။” လို့ ကားဒယ်လ်က ပြောပါတယ်။
အမေရိကန်စစ်စခန်းတွေထဲကို တရုတ်နဲ့ ရုရှားက အခုလိုစိမ့်ဝင်ထိုးဖောက်မှုတွေဟာ အမေရိကန်တပ်မတော် အတွက် ထပ်တလဲလဲဖြစ်နေတဲ့ပြဿနာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံသားတွေချည်းပဲ အဲဒီလိုစစ်စခန်းတွေထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တာ အကြိမ် ၁၀၀ ကျော်ရှိကြောင်း ကားဒယ်လ်က ပြောပါတယ်။
အဲဒီလိုစိမ့်ဝင်ထိုးဖောက်ဖို့ ကြိုးစားနေတာကို ဖမ်းမိသွားတဲ့အချိန်မှာ သူတို့ဟာ အပြစ်ကင်းစင်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေဖြစ်တယ်လို့ အကြောင်းပြလေ့ရှိပါတယ်။
တရုတ်နိုင်ငံသားတွေဟာ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ဒုံးပစ်စင်တစ်ခုအနီးကို ရေအောက်အသက်ရှုကိရိယာ အသုံးပြုရေငုပ်ပြီး ချဉ်းကပ်လာတာကို ဖမ်းမိခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဒါ့အပြင် နယူးမက္ကဆီကိုပြည်နယ်မှာရှိတဲ့ အမေရိကန်ဒုံးကျည်စက်ပစ်ကွင်းထဲကို ဖြတ်သန်းဝင်ရောက်ဖို့ ကြိုး စားနေသူတချို့ကိုလည်း ခြေရာခံမိခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့စစ်စခန်းတွေကို နိုင်ငံခြားသားတွေ စိမ့်ဝင်ထိုးဖောက်နေတဲ့ ဖြစ်စဉ်တွေဟာ ပိုပိုပြီး များလာပါ တယ်။ အဲဒီထိုးဖောက်သူတွေဟာ ရုရှားနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။” လို့ ကားဒယ်လ်က ပြောပါတယ်။
ပြီးခဲ့တဲ့သုံးနှစ်အတွင်း တရုတ်ရွှေ့ပြောင်းနေထိုင်သူတွေ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်လာမှုဟာ ၈,၀၀၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်ပြီးနောက်မှာ အခုလို ကားဒယ်လ်ရဲ့ သတိပေးချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ တရုတ်ရွှေ့ပြောင်းနေထိုင်သူ ၃၄၂ ဦးရှိခဲ့ရာကနေ အခုနှစ်အတွင်း ၂၄၁၂၅ ဦးအထိ မြင့်တက် လာခဲ့ကြောင်း အမေရိကန်နယ်စပ်ကင်းလှည့်တပ်ဖွဲ့တွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref: China, Russia Trying to Infiltrate US Military Bases: Navy Admiral
#PeopleMedia