ရုရှားနဲ့ တိုက်ပွဲဝင်နေစဉ် ယူကရိန်း F-16 တစ်စင်းပျက်ကျပြီး လေသူရဲတစ်ဦးကျဆုံး
PUBLISHED - August 30, 2024
နိုင်ငံတကာ၊ သြဂုတ် ၃၀
အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေအနက် ပထမဦးဆုံး ဆုံးရှုံးမှုအဖြစ် F-16 တိုက်လေယာဉ်တစ်စင်း တနင်္လာနေ့ (သြဂုတ်လ ၂၆ ရက်နေ့) က ပျက်ကျသွားကြောင်း ယူကရိန်းတပ်မတော်က ပြောကြားလိုက်ပါတယ်။
ယူကရိန်း F-16 တိုက်လေယာဉ်ဟာ ရုရှားပစ်မှတ်တစ်ခုကို ချဉ်းကပ်နေစဉ်အတွင်း ပျက်ကျသွားခဲ့တာဖြစ်ပြီး လေသူရဲလည်း ကျဆုံးသွားခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးဌာနက ကြာသပတေးနေ့က Facebook ပေါ်မှာတင်ခဲ့ ပါတယ်။ အဲဒီ F-16 တိုက်လေယာဉ်ဟာ စွမ်းဆောင်ရည်မြင့်မားပြီး ရုရှားတွေရဲ့ ခရုစ်ဒုံးကျည် ၄ စင်းကို ပစ်ချနိုင်ခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“နောက်ထပ် ပစ်မှတ်ကို ချဉ်းကပ်နေတဲ့အချိန်မှာ F-16 တိုက်လေယာဉ်တွေထဲက တစ်စင်းနဲ့ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ ပျက်ကျသွားခဲ့တာဖြစ်ပြီး လေသူရဲလည်း ကျဆုံးသွားခဲ့ပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းအစိုးရက ၎င်းတို့ထံမှာရောက်ရှိနေတဲ့ F-16 ဂျက်တိုက်လေယာဉ်အရေအတွက် အတိအကျကို ထုတ် ဖော်ပြောဆိုခြင်းမရှိပေမဲ့ ယူကရိန်းထံမှာ ၆ စင်းအထိ ရောက်ရှိနေပြီးဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးကို ကိုး ကားပြီး Times of London က ပြောပါတယ်။
ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကတော့ ယူကရိန်းလေသူရဲတွေ F-16 ဂျက်တိုက်လေယာဉ်တွေကို စတင်မောင်းနှင်ပျံသန်းနေပြီဖြစ်ကြောင်း သြဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဒုံးကျည်/ ဒရုန်း အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်မှုမခံရခင် တစ်ရက်အလိုမှာ အဲဒီ F-16 တိုက်လေယာဉ်တွေကို ရုရှားထိုးစစ်တွေကို ခုံခံရာမှာ အသုံးပြုခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။
တနင်္လာနေ့ကလေယာဉ်ပျက်ကျမှုဟာ ရုရှားတွေပစ်ချတာကြောင့် ဟုတ်ပုံမရဘဲ လေသူရဲမှားယွင်းမှုကနေ စက် ချွတ်ယွင်းမှုအထိ ဖြစ်နိုင်ပြီး လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနအ ရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အားသာချက်တွေရှိပေမဲ့ F-16 ဂျက်တိုက်လေယာဉ် အနည်းအကျဉ်းရောက်လာရုံမျှနဲ့ စစ်ပွဲတစ်ခုလုံး အလှည့် အပြောင်းဖြစ်သွားနိုင်စရာ အကြောင်းမရှိဘူးလို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေရဲ့ ထိရောက်မှုကို တန်ပြန်ချေဖျက်နိုင်ရေး ကြိုးစားဖို့ ကာကွယ်ရေးအစီအစဉ် တွေ ကြိုတင်ဆောင်ရွက်နိုင်ရေး ရုရှားမှာ အချိန်ရခဲ့သလို ယူကရိန်းနိုင်ငံဟာလည်း အရွယ်အစားရော အဆင့် မြင့်မှုပါ ရန်သူ့ထက် သေးငယ်အားပျော့တဲ့ လေတပ်နဲ့ အသက်ဆက်ရှင်သန်နေရတာဖြစ်ပါတယ်။
တနင်္လာနေ့က တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း လေသူရဲ အိုလက်ဆီမက်စ် ကျဆုံးသွားကြောင်း ယူကရိန်း လေတပ် အနောက်ပိုင်းဌာနချုပ်က Facebook ပေါ်မှာ ပို့စ်တစ်ခုတင်ခဲ့ပေမဲ့ အဲဒီလေသူရဲဟာ F-16 ဂျက်တိုက် လေယာဉ်မောင်းနှင်တဲ့လေသူရဲဖြစ်တယ်လို့ ဖော်ပြထားခြင်းမရှိပါဘူး။
Ref: Ukraine F-16 Crashes, Pilot Dies during Russian Airstrikes, Kyiv Says
#PeopleMedia