ရုရှားလေကြောင်းရန်ကာကွယ်ရေးလက်နက်စက်ရုံကို ယူကရိန်းဒရုန်းတွေ တိုက်ခိုက်
PUBLISHED - January 23, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃
ပန်ဆီယာ-အက်စ် (Pantsir-S) လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေထုတ်လုပ်တဲ့ ရုရှားလက်နက် စက်ရုံတစ်ခုကို ယူကရိန်းဒရုန်းတွေက တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၂၂ ရက်နေ့) က တိုက်ခိုက်ခဲ့ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။
ယူကရိန်းထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက ဦးစီးပြီး ရုရှားနိုင်ငံက ရှက်ဂလဗ်စကီဗယ်လ် (Shcheglovsky Val) စက်ရုံကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း Ukrinform သတင်းဌာနက ပြောပါတယ်။
“ရှက်ဂလဗ်စကီဗယ်လ်စက်ရုံဟာ Pantsir-S နဲ့ Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ တပ် ဆင်တဲ့စက်ရုံဖြစ်လို့ ဒီစစ်ဆင်ရေးတွေကို ထောက်လှမ်းရေးအဖွဲ့က စီစဉ်ခဲ့တာဖြစ်ပါတယ်။” လို့ ထောက်လှမ်း ရေးသတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး Ukrinform က ပြောပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းအာဏာပိုင်တွေဘက်က တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ရုရှား တယ်လီဂရမ်ချယ်နယ်တွေမှာတော့ တူလူမြို့မှာရှိတဲ့ အဲဒီစက်ရုံမှာ ပေါက်ကွဲသံတွေကြားခဲ့ရကြောင်းရေးသား ထားပါတယ်။
ရုရှားအစိုးရပိုင် TASS သတင်းဌာနကတော့ ရုရှားနိုင်ငံအနောက်ပိုင်းမြို့ကောင်းကင်မှာ ယူကရိန်းဒရုန်းတစ်စင်း ကို ရုရှားလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေက ပစ်ချခဲ့ကြောင်း ပြောပါတယ်။
ပန်ဆီယာလေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်အပြင် အဲဒီစက်ရုံဟာ တခြားလေကြောင်းရန်ကာကွယ် ရေးဒုံးကျည်တွေ၊ ပဲ့ထိန်းလက်နက်တွေ၊ အမြောက်တွေနဲ့ လက်နက်ငယ်တွေလည်း ထုတ်လုပ်တယ်လို့ ဆိုပါ တယ်။
တပြိုင်တည်းမှာပဲ ယူကရိန်းဒရုန်းတွေဟာ စိန့်ပီတာစဘတ်မြို့အနီးက သဘာဝဓာတ်ငွေ့စက်ရုံတစ်ခုအပါအဝင် တခြားရုရှားပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအပြီးမှာ အပ်စ်လူဂါမှာရှိတဲ့ နိုဗာတက်ခ်သဘာဝဓာတ်ငွေ့စက်ရုံမှာ မီးလောင်မှုဖြစ်ပွားနေတဲ့အတွက် ဒေသအုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေကြေညာထားတယ်လို့ BBC က ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားပြီးနောက် နိုဗာတက်ခ်စက်ရုံက လောင်စာဓာတ်ငွေ့ထုတ်လုပ်မှုအစီအစဉ်ကို ရပ်ဆိုင်းထား ကြောင်း သိရပေမဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။
အဲဒီစက်ရုံမှာရှိတဲ့ ဓာတ်ငွေ့လောင်စာတွေကို ယူကရိန်းမှာတိုက်ပွဲဝင်နေတဲ့ ရုရှားတပ်တွေကို ထောက်ပံ့ပေးနေ တာဖြစ်တဲ့အတွက် အခုတိုက်ခိုက်မှုဟာ ရုရှားစစ်တပ်ရဲ့ လော်ဂျစ်စတစ်အတွက် သိသိသာသာ အခက်အခဲဖြစ် သွားစေကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။
Ref: Ukrainian Drones Strike Russian Air Defense Production Plant
#PeopleMedia