• Follow Us on

Home ရုရှားအစိုးရက နာမည်ပျက်မှာစိုးလို့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို ယူကရိန်းစစ်မြေပြင်မပို့ဘူးလို့ဆို

ရုရှားအစိုးရက နာမည်ပျက်မှာစိုးလို့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို ယူကရိန်းစစ်မြေပြင်မပို့ဘူးလို့ဆို

Share this post

နိုင်ငံတကာ၊ မတ် ၇

 

ရုရှားအစိုးရက စစ်မြေပြင်မှာ ရုရှားနိုင်ငံထုတ်ထိပ်တန်းစစ်လက်နက်ပစ္စည်းတွေကို ရန်သူသိမ်းဆည်း မိသွားရင် သိက္ခာကျမှာစိုးရိမ်တဲ့အတွက် အဲဒီလို စစ်လက်နက်ပစ္စည်းတွေကို ယူကရိန်းစစ်မြေပြင်ကို ပို့ဆောင်ပေးခြင်းမရှိ ဘူးလို့ The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

မော်စကိုအစိုးရဟာ ၎င်းတို့နိုင်ငံထုတ် နောက်ဆုံးပေါ် T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကားတွေကို နာမည် ပျက်မှာစိုးတဲ့အတွက် ယူကရိန်းစစ်မြေပြင်ကို မပို့ဘူးလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးတပ် ဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ရုရှားအစိုးရဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာမှာ T-90 တင့်ကား၊ T-80 တင့်ကားနဲ့ T-72 တင့်ကား တွေကိုသာ စစ်မြေပြင်ကိုပို့ဆောင်ခဲ့ပြီး အဲဒီတင့်ကားတွေထဲက အများအပြားဟာလည်း ယူကရိန်းတွေလက် ချက်နဲ့ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

 

T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကားတစ်စီးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၉ သန်းအထိ ရှိတဲ့အတွက် အဲဒီတင့်ကား တွေဟာ ယူကရိန်းစစ်မြေပြင်မှာအသုံးပြုဖို့ တန်ဖိုးကြီးလွန်းတယ်လို့ ရုရှားလက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Rostec ကုမ္ပဏီက ပြောပါတယ်။

 

၂၀၁၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ T-14 Armata တင့်ကားဟာ သံချပ်ကာပိုမိုထူထဲပြီး ခေတ်မီဆင်တာတွေ နဲ့ ပစ်မှတ်ရှာဖွေဖော်ထုတ်နိုင်ဖို့ တွဲဖက်တပ်ဆင်ပေးထားတဲ့ ဒရုန်းတွေပါရှိတယ်လို့ ဆိုပါတယ်။ တင့်အဖွဲ့ဝင် ၃ ဦးပါရှိတဲ့ အဲဒီတင့်ကားမှာ ၁၂၅ မမ အမြောက်တစ်လက်တပ်ဆင်ထားပါတယ်။

 

ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားတဲ့အချိန်မှာ ရုရှားတောင်ပိုင်းမှာ အဲဒီ T-14 Armata တင့်ကားတွေ လေ့ကျင့်နေ တာမြင်တွေ့ရတဲ့အတွက် အနောက်နိုင်ငံထုတ် တင့်ကားတွေ/သံချပ်ကာယာဉ်တွေအတွက် စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေတဲ့ အဲဒီတင့်ကားတွေကို ရုရှားဘက်က အသုံးပြုမလားလို့ စိုးရိမ်ခဲ့ကြပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ နာမည်ပျက်မှာစိုးလို့ တန်ဖိုးအကြီးဆုံး စစ်လက်နက်ပစ္စည်းတွေကို ဘေးဖယ်ထားတဲ့အထဲမှာ T-14 Armata တင့် ကားတွေဟာ ပထမဦးဆုံးလက်နက်တွေတော့ မဟုတ်ပါဘူး။

 

ယူကရိန်းစစ်ပွဲမှာ အခုအချိန်အထိ Su-57 ဂျက်တိုက်လေယာဉ်ကို အသုံးပြုခဲ့တာ မတွေ့ရသလောက်နီးပါးပဲလို့ ၂၀၂၃ ခုနှစ် အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

 

အလွန်အရေးပါတဲ့ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းတွေကို ရန်သူသိမ်းဆည်းမိသွားပြီး နည်းပညာတွေရ သွားမှာ ကာကွယ်တဲ့အနေနဲ့ အခုလို ကန့်သတ်ထားတာဖြစ်နိုင်ကြောင်းလည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

 

၂၀၂၀ ပြည့်နှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ ပဉ္စမျိုးဆက်ဘက်စုံသုံးဂျက်တိုက်လေယာဉ်ဟာ ဝေဟင်/မြေပြင်/ ရေပြင် ပစ်မှတ်အားလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။

 

Ref: Russia Keeping Top Weapons Out of Ukraine to Avoid Reputation Damage: Reports

 

#PeopleMedia


Share this post