• Follow Us on
Latest News

Home ရုရှားအမောင်းသင်ဂျက်တိုက်လေယာဉ်တွေ အီရန်နိုင်ငံကို ရောက်ရှိလာ

ရုရှားအမောင်းသင်ဂျက်တိုက်လေယာဉ်တွေ အီရန်နိုင်ငံကို ရောက်ရှိလာ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄

 

အီရန်လေတပ်အတွက် လေ့ကျင့်ရေးနဲ့ တိုက်ပွဲဝင်အရည်အချင်းတွေ မြှင့်တင်ဖို့အတွက် ရုရှားနိုင်ငံကပေးပို့ လိုက်တဲ့ ခေတ်မီအမောင်းသင်ဂျက်တိုက်လေယာဉ်တွေကို အီရန်နိုင်ငံက လက်ခံရရှိပြီဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေမှာ စနေနေ့က ရေးသားဖော်ပြထားပါတယ်။

 

“Yak-130 အမောင်းသင်ဂျက်တိုက်လေယာဉ်တွေအများအပြား အီရန်နိုင်ငံကိုရောက်ရှိလာပြီး နိုင်ငံအလယ်ပိုင်း အစ်ဖတ်ဟန်မြို့မှာရှိတဲ့ ရှာဟစ်ဘာဘာရီးလေတပ်အခြေစိုက်စခန်းမှာ ပူးပေါင်းထားပါတယ်။” လို့ တက်စ်နင်း သတင်းဌာနက ပြောပါတယ်။

 

အခုလို Yak-130 အမောင်းသင်ဂျက်တိုက်လေယာဉ်တွေရောက်ရှိလာတာဟာ အစ္စလာမ်မစ်သမ္မတနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်တို့ကြား လက်နက်အရောင်းအဝယ်စာချုပ်တွေထဲက အစိတ်အပိုင်းတစ်ခုပဲဖြစ်ကြောင်း အီရန်တပ်မတော်ရဲ့လူထုဆက်ဆံရေးဦးစီးဌာနထုတ်ပြန်ချက်ကို ကိုးကားပြီး တက်စ်နင်းသတင်းဌာနက ပြော ပါတယ်။

 

ရုရှားနဲ့ အီရန် နှစ်နိုင်ငံစလုံးဟာ နိုင်ငံတကာက စီးပွားရေးအရေးယူပိတ်ဆို့မှုတွေချမှတ်ခံထားရတဲ့ နိုင်ငံတွေဖြစ် ပေမဲ့ ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်း စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် ကဏ္ဍအသီးသီးမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာ ပိုမိုခိုင်မာပြီး မြင့်တက်လာခဲ့ပါတယ်။

 

အီရန်အစိုးရအနေနဲ့ ရုရှားနိုင်ငံက Su-35 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူသွားဖို့ သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ကြောင်း မတ်လအတွင်းက အီရန်နိုင်ငံက ကြေညာခဲ့ပါတယ်။

 

အီရန်နိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ ရုရှားနိုင်ငံကို လက်နက်တွေထောက်ပံ့နေတယ်လို့ ယူကရိန်းနဲ့ အ နောက်နိုင်ငံတွေက စွပ်စွဲပြောဆိုခဲ့ပေမဲ့ အီရန်အစိုးရကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။

 

အီရန်နဲ့ ရုရှားတို့ဟာ မကြုံစဖူးထူးကဲလောက်အောင် စစ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင် နေကြောင်း မေလအတွင်းက အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

 

အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ရုရှားနိုင်ငံကို ဒရုန်းအစင်းရေ ၄၀၀ ကျော် ပို့ဆောင်ပေးခဲ့တယ် လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက အဲဒီအချိန်က ပြောပါတယ်။

 

အီရန်အစိုးရဟာ ရုရှားထံက တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ ရေဒါတွေနဲ့ Yak-130 အမောင်းသင်ဂျက်တိုက် လေယာဉ်တွေ ဝယ်ယူဖို့ ကြိုးပမ်းနေကြောင်း ဂျွန်ကာဘီက ပြောခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ အီရန်နိုင်ငံမှာ ဆိုဗီယက်ခေတ် ရုရှားထုတ် MiG ဂျက်တိုက်လေယာဉ်တွေနဲ့ ဆူခွိုင်းဂျက်တိုက် လေယာဉ်တွေ အများစုရှိနေသလို F-7 အပါအဝင် တရုတ်ထုတ်ဂျက်တိုက်လေယာဉ်တွေလည်းရှိနေပါတယ်။

 

ဒါ့အပြင် ၁၉၇၉ ခုနှစ်မတိုင်ခင်က ထုတ်လုပ်ခဲ့တဲ့ အမေရိကန်ထုတ် F-4 ဂျက်တိုက်လေယာဉ်နဲ့ F-5 ဂျက်တိုက် လေယာဉ်တချို့လည်း အီရန်လေတပ်မှာရှိနေပါတယ်။

 

Ref: Iran Adds Russian Combat Trainer Jets to Air Force, Reports Say

 

#PeopleMedia


Share this post