ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာတို့တွင် ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးလျက်ရှိ
PUBLISHED - September 17, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၇
ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာတို့တွင် စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးလျက်ရှိ ကြောင်း သိရသည်။
တောင်တရုတ် ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်းငယ်၏အရှိန်ကြောင့် နေပြည် တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီးလမ်း၊ တံတားအချို့ရေတိုက်စား ပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာန အဆောက်အအုံ၊ စာသင်ကျောင်း၊ အခြားအဆောက်အအုံများ ရေဝင် နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သောမြို့နယ် ၅၆ မြို့နယ်တွင် လူနေအိမ် ၂၁၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၅၈၃၇၃ လုံး ရေဝင်နစ်မြုပ်ခဲ့သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ရေဘေးကယ်ဆယ်ရေး စခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၁၀ တို့ကို တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် တက်ကြွစွာဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈၄ မြို့နယ်တို့တွင် စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ အခြေခံအဆောက်အအုံ၊ ကောက်ပဲသီးနှံနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုများအနေဖြင့် ရုံး/ဌာန အဆောက် အအုံ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀၊ ဘာသာရေးအဆောက်အအုံ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ် မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
တိရစ္ဆာန်မျိုးစုံစုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧကရေဝင် နစ်မြုပ်ခဲ့ကြောင်း သိရသည်။
#PeopleMedia