ရေကြီးရေလျှံမှုများကြောင့် လူဦးရေ (၁) သန်းနီးပါး ရေဘေးအန္တရာယ်တွေ့ကြုံခဲ့ရပြီး သေဆုံး/ပျောက်ဆုံးသူ (၅၂၀) ဦးရှိခဲ့ကြောင်း နစကဥက္ကဋ္ဌပြောကြား

PUBLISHED - October 14, 2024
နေပြည်တော်၊ အောက်တိုဘာ ၁၄
ရေကြီးရေလျှံမှုများကြောင့် လူဦးရေ (၁) သန်းနီးပါး ရေဘေးအန္တရာယ်တွေ့ကြုံခံစားခဲ့ကြရပြီး သေဆုံး/ ပျောက်ဆုံးသူ (၅၂၀) ဦးရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁) ၌ကျင်းပခဲ့သည်။
၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း (World Risk Index 2023) တွင် ကမ္ဘာ့နိုင်ငံ ပေါင်း (၁၉၃) နိုင်ငံ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်မှုပြုထားပြီး ဖိလစ်ပိုင်နိုင်ငံက ညွှန်းကိန်း ၄၆ ဒသမ ၈၊ အင်ဒိုနီးရှားနိုင်ငံက ညွှန်းကိန်း ၄၃ ဒသမ ၅၀၊ အိန္ဒိယနိုင်ငံက ညွှန်းကိန်း ၄၁ ဒသမ ၅၂ နှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း အမြင့်ဆုံးနိုင်ငံများအဖြစ်တွေ့ရပြီး မြန်မာနိုင်ငံက ညွှန်းကိန်း ၃၆ ဒသမ ၂၆ နှင့် အဆင့် ၆ နေရာတွင်ရှိကြောင်းကို ဖော်ပြထားကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုလျော့နည်းစေရန်ကို အမြဲမပြတ် သတိပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် တောင်တရုတ်ပင်လယ် ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် စံချိန်တင်မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် နှစ်ပေါင်း (၈၀)ကျော်၊ (၁၀၀) အတွင်း မကြုံစဖူး ခံစား ခဲ့ရကြောင်း၊ မိုးသည်းထန်မှုကြောင့် လျှပ်တစ်ပြက်ရေကြီးပြီး တောင်ကျရေများ အရှိန်အဟုန်ပြင်းစွာ စီးဆင်း ကာ တောင်ကျရေနှင့်အတူပါလာသည့် သစ်ပင်သစ်တုံးများ၊ ကျောက်တုံး ကျောက်ခဲများ၊ နုန်းအနည်အနှစ်များ ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ အိမ်ထောင်စု (၈) သောင်းကျော်၊ လူဦးရေ (၁) သန်းနီးပါး ရေဘေးအန္တရာယ်တွေ့ကြုံခံစားခဲ့ကြရပြီး သေဆုံး/ပျောက်ဆုံးသူ (၅၂၀) ဦးရှိခဲ့ကြောင်း၊ တိရိစ္ဆာန်ပေါင်း (၁) သိန်း (၈) သောင်းကျော်သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံစိုက်ဧက (၇) သိန်းကျော် ထိခိုက်ခဲ့ရသကဲ့သို့ လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍပေါင်းစုံတွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရကြောင်းပြောသည်။
နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုပူးပေါင်းပြီး ရှာဖွေ၊ ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်ရေးနှင့် ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ မိတ်ဆွေနိုင်ငံများ၏ ပြည်တွင်းပြည်ပ စေတနာရှင်များကလည်း ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးဆောင်ရွက်မှုများတွင် စေတနာ၊ သဒ္ဓါထက်သန်စွာ လှူဒါန်းမှုများနှင့်အတူ အထူးသဖြင့် စေတနာရှင်ပုဂ္ဂိုလ်တစ်ဦးခြင်း၊ အဖွဲ့အစည်းတစ်ခုခြင်းနှင့် အသင်းအဖွဲ့အလိုက် စုစည်းခြင်းတို့ဖြင့် အလှူငွေများကို လှူဒါန်းလျက်ရှိရာ ယနေ့အထိ နိုင်ငံတော်အဆင့် သုံးကြိမ်ဖြစ်ပြီး အလှူငွေရရှိမှုအနေဖြင့် ငွေကျပ် ၅၂ ဘီလီယံကျော် ထည့်ဝင်လှူဒါန်းကြရာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း၊ သာမန်အချိန်များ၌ မြန်မာနိုင်ငံအတွင်း မှီတင်နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် မိမိဒေသအလိုက် အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စီလုပ်ကိုင်နေထိုင်ကြသော်လည်း နိုင်ငံတော်အတွင်း အရေးကြုံလာပါက မေတ္တာစေတနာ ကိုယ်ချင်းစာတရားအပြည့်ဖြင့် ပေါင်းစည်းညီညွတ် အားကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုသည် ယခုအကြိမ်သာမကဘဲ နိုင်ငံတော်၏ အတိတ်သမိုင်းကြောင်းတစ်လျှောက် အရေးကြုံတိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်ကို မည်သူကမျှ ငြင်းပယ်နိုင်မည်မဟုတ်ကြောင်း၊ တစ်နည်းအားဖြင့် မြန်မာတို့၏ စိတ်ဓာတ်ပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက အသက်ဆုံးရှုံးရသူများအတွက် ဦးစားပေးအဖြစ် ကျန်ရစ်သူမိသားစုများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပုံမှန်ထောက်ပံ့ပေးနေမှုအပြင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေများကပါ ထပ်ဆောင်းလျက်ပျမ်းမျှ တစ်ဦးလျှင် ၁၀ သိန်း ထောက်ပံ့ခဲ့ပြီးဖြစ်သကဲ့သို့ အိုးအိမ်ပျက်စီးမှုများအတွက်လဲ ပျက်စီးမှုပမာဏအပေါ်မူတည်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့နိုင်ရေးစီစဉ်ပြီးဖြစ်၍ လက်ဝယ်အရောက် ပေးအပ်တော့မည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက်လည်း သင့်လျော်သည့်ထောက်ပံ့မှုနှင့် အတိုးမဲ့ချေးငွေများ၊ သက်သာသောအတိုးနှုန်းနှင့် ချေးငွေများ စီမံဆောင်ရွက်ပေးခြင်းတို့ကိုလည်း လျာထားစီမံခြင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ခွဲဝေပေးခြင်းများ တစ်ပြိုင်နက်ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် ပြောသည်။
#PeopleMedia