ရေတိုက်စားမှုကြောင့်ပျက်ဆီးခဲ့သည့် နမ့်တုံချောင်းကူးတံတားပြန်လည်ပြင်ဆင်မှု ဒီဇင်ဘာလတတိယ အပတ်အတွင်းပြီးစီးမည်
PUBLISHED - December 14, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံ-တာဆန်း-တောင်ကြီးသွားကားလမ်းရှိ ရေတိုက်စားမှုကြောင့် ပျက်ဆီးခဲ့သည့် နမ့်တုံချောင်းကူးတံတားပြန်လည်ပြင်ဆင်မှု ဒီဇင်ဘာလ တတိယအပတ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
မိုင်းတုံ-တာဆန်း-တောင်ကြီးသွားကားလမ်း မိုင်တိုင်အမှတ်၊ ၁၄၆/၁၄၇ ကြားရှိ နမ့်တုံချောင်းကူးတံတား တံတားအမှတ်(၃/၂၆) တံတားအရှည် ၂၆ ပေရှိ သံကူကွန်ကရစ်တံတားမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် ရေတိုက်စားကာ ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါပျက်စီးသွားသော တံတားနေရာတွင် အရှည် ၉၀ ပေရှိ သံဘောင်ဘေလီနှစ်လွှာတစ်ထပ် တံတားအား နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ ၁၂ က နေ့/ညမပြတ် ပြန်လည်ဆောက်လုပ်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြီးစီးမည်ဖြစ်ပြီး မိုင်းတုံ-တာဆန်း- တောင်ကြီးလမ်းအား ယာဉ်ကြီး၊ ယာဉ်ငယ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia