• Follow Us on
Latest News

Home ရေဘေးကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

ရေဘေးကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆

 

ရေဘေးကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ သေဆုံးသူ ၁၁၃ ဦး၊  ပျောက်ဆုံးသူ ၆၄ ဦးရှိကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

“စက်တင်ဘာလ ၉ ရက်နေ့ တစ်ညတည်းမှာပဲ တပ်ကုန်း၊ နေပြည်တော်တစ်ဝိုက်မှာ မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့ပြီး ချောင်းများ ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကျေးရွာများ၊ လူနေရပ်ကွက်များ ရေကြီးမှုတွေ၊ အိမ်ခြေ၊ လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ နေပြည်တော်အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းအချို့နေရာတွေမှာ မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ညပိုင်းအထိ ရရှိစာရင်းများ အရ ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ ရွှေ့ပြောင်းခဲ့ရတဲ့နေအိမ် ၇၂,၉၀၀ ကျော်ရှိခဲ့ပါတယ်။ အိမ်ထောင်စုပေါင်း ၇၈၀၀၀ ကျော်ရှိပါတယ်။ လူဦးရေအနေနဲ့ကတော့ ၃၂၀,၀၀၀ ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ သေဆုံးသူ ၁၁၃ ဦး၊  ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ကြိုးစားရှာဖွေလျက်ရှိပါတယ်။ အခုလိုဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါ တယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဝန်ကြီးများအနေနှင့်လည်း သဘာဝ ဘေးဒဏ်သင့်ဒေသတွေကို ကိုယ်တိုင်ကွင်းဆင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူပဲ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee – DMC) အနေနှင့်လည်း ၂၄ နာရီ အရေးပေါ်ဖွင့်လှစ်ပြီး အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့များ၊ NGO အဖွဲ့များ၊ စေတနာရှင် ပြည်သူများအနေနှင့်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

 

“ဒီနေရာမှာ ပြည်သူလူထုကို ကျွန်တော်အသိပေး ပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာတွေ၊ အခြားသော မြန်မာနိုင်ငံအပေါ် ဖျက်လို့ဖျက်ဆီးလုပ်နေသူတွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ပေါင်းစည်းအားကို လျစ်လျူ ရှုပြီး ကျွန်တော်တို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မှေးမှိန်အောင် ဆောင်ရွက်နေတာ နည်းမျိုးစုံနဲ့ တွေ့ရပါတယ်။ ကောလာဟလနဲ့ ပြည်သူကို ပိုမိုစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာမှာ လူ ၇၀၀ ခန့် သေတယ်ဆိုပြီးတော့ ထုတ်လွှင့်နေ တာလည်း တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ အဲဒီကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိပြီး ဖြစ်ပါတယ်။ လူ ၈ ဦးသာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိပါတယ်။ ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံ၊ ဆေးခန်းများကို ပို့ဆောင်ပေးပြီးဖြစ်ပါတယ်။ မနေ့က နေ့လယ် ၁ နာရီ လောက်မှာ တောင်ငူဒေသ ဇရပ်ကြီး အနောက်ဘက်ရွာများကို ရွှေ့ပြောင်းကယ်ထုတ်စဉ်မှာ ကယ်ဆယ်ရေးအဖွဲ့ထဲမှာပါတဲ့ တပ်မတော်သားတစ်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦး ရေစီးထဲမျောပါပျောက်ဆုံးခဲ့ရပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သက်စွန့်ဆံဖျားပါဝင်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအပါအဝင် Volunteer ပြည်သူလူထုကူညီကယ်ဆယ်ရေး အဖွဲ့များအားလုံးကို  အသိအမှတ်ပြုကြောင်း၊ မိမိတို့ အစိုးရအနေနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် အကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်‌ကြောင်း၊ သတ်မှတ်ငွေနှုန်းထားများနှင့် သေဆုံး၊ ဒဏ်ရာရသူများကို  ငွေကြေးထောက်ပံ့ပေးမည်ဖြစ် ကြောင်း၊ အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ပျက်စီးမှုရာခိုင်နှုန်းအပေါ်မူတည်ပြီး သတ်မှတ်နှုန်းထား များအတိုင်းလည်းထောက်ပံ့ပေးသွားမည်ဖြစ်‌ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post