ရေဘေးကြောင့် သေဆုံးသူ ၂၉၃ ဦးရှိပြီး ပျောက်ဆုံးသူ ၈၉ ဦးရှိလာ
PUBLISHED - September 20, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၀
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့ထိ ရေဘေးကြောင့် သေဆုံးသူပြည်သူ ၂၉၃ ဦးရှိပြီး ပျောက်ဆုံးသူ ၈၉ ဦးရှိလာကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များရှိ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၃ မြို့နယ်တွင် စက်တင်ဘာလ ၁၉ ရက်နံနက် ၇ နာရီအချိန်အထိ ရရှိသောစာရင်း များအရ လူနေအိမ် ၄၄၇၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၆၈၇၀၄ လုံး ရေဝင်နစ်မြုပ်ခဲ့ကြောင်း၊ ပြည်သူ ၂၉၃ ဦး သေဆုံး၊ ၈၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်းနှင့် ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၂၅ ခုဖွင့်လှစ်၍ အိမ်ထောင်စု ၄၇၀၁၉ စု၊ လူဦးရေ ၁၆၁၅၉၂ ဦးတို့ကို ကူညီကယ်ဆယ်ရေးနှင့် လိုအပ်သောထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရုံး/ဌာန အဆောက်အဦ ၁၁၃ လုံး၊ စာသင်ကျောင်း ၉၁၉ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၃၃၁ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်း များဖြစ်ပေါ်ခဲ့ကာ တိရစ္ဆာန်မျိုးစုံ စုစုပေါင်းကောင်ရေ ၁၂၉၁၅၀ ကောင် သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက ၇၆၆၅၈၆ ဧက ရေဝင်နစ်မြှုပ်ခဲ့ကြောင်း သိရသည်။
#PeopleMedia