ရေဘေးသင့်ပြည်သူများအတွက် ဆက်သွယ်ရေးအော်ပရေတာ ၄ ခုမှ အခမဲ့ဖုန်းပြောဆိုခွင့်များနှင့် အခမဲ့ စာတိုပေးပို့ခွင့်များ ထပ်မံကူညီပံ့ပိုး
PUBLISHED - September 21, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၁
ရေကြီး/ရေလျှံမှုများ ကြုံတွေ့နေရသည့် ရေဘေးသင့်ပြည်သူများအတွက် ဆက်သွယ်ရေးအော်ပရေတာ ၄ခုမှ အခမဲ့ဖုန်းပြောဆိုခွင့်မျာနှင့် အခမဲ့စာတိုပေးပို့ခွင့်များ ထပ်မံကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေဘေးသင့်ဒေသများရှိ မိုဘိုင်းဖုန်းသုံးစွဲသူပြည်သူများ ဆက်သွယ်ရေးလွယ်ကူ အဆင်ပြေချောမွေ့စေရန် အခမဲ့ဖုန်းပြောဆိုခွင့်နှင့် အခမဲ့စာတိုပေးပို့အသုံးပြုခွင့်ကို စက်တင်ဘာ ၁၃ ရက်မှစတင်၍ ခုနစ်ရက်အထိ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ယခုအခါထပ်မံ၍ ရေဘေးသင့်ဒေသ များမှ ဒေသခံပြည်သူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်း ပြောဆိုခွင့် မိနစ်(၇၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၇၀၀) တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက် အထိ၊ အက်တမ်မြန်မာလီမိတက် (ATOM) မှ မိုဘိုင်းဖုန်း အချင်းချင်းအခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၃၀၀)နှင့် အခမဲ့စာတို ပေးပို့ခွင့်အစောင်(၃၀၀)တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။
အလားတူ အူရီဒူးမြန်မာလီမိတက် (Ooredoo)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် အကန့် အသတ်မဲ့နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ၊ တယ်လီ ကွန်းအင်တာနေရှင်နယ်မြန်မာကုမ္ပဏီလီမိတက် (MYTEL) မိုဘိုင်း ဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် (၁,၀၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၁,၀၀၀) တို့အား စက်တင်ဘာ ၂၁ ရက်မှ ၃၀ ရက်အထိ အသုံးပြု ခွင့်ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#PeopleMedia