• Follow Us on
Latest News

Home ရေဘေး ပြန်လည်ထူထောင်ရန်အစိုးရမှ ကျပ် ၃၀ ဘီလီယံနှင့် ပုဂ္ဂလိကမှ လှူဒါန်းငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံတို့အား သုံးစွဲမည်

ရေဘေး ပြန်လည်ထူထောင်ရန်အစိုးရမှ ကျပ် ၃၀ ဘီလီယံနှင့် ပုဂ္ဂလိကမှ လှူဒါန်းငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံတို့အား သုံးစွဲမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အစိုးရမှ ကျပ် ၃၀ ဘီလီယံနှင့် ပုဂ္ဂလိကမှ လှူဒါန်းငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံတို့အား သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

 

ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ ၂၁ ရက်က နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲရန်လျာထားပြီး ယခုလှူဒါန်းသည့် စေတနာရှင်၊ အလှူရှင်များ၏ အလှူငွေများဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ် ဆိုသည်မှာ ဖြစ်ပွားပြီးပါက အမြန်ဆုံးပြန်လည်ထူထောင်မှုပြုရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိအပါအဝင် နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောသည်။

 

“စုပေါင်းအားနဲ့ ကျွန်တော်တို့ ကျော်လွှားရမှာဖြစ်ပါတယ်၊ ဒီနေ့ ခင်ဗျားတို့လှူတဲ့ ပိုက်ဆံက ၃၁ ဘီလီယံ ကျော်ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး၊ ကျွန်တော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့လဲ ငွေသုံးရတာနဲ့ပတ်သက်လို့ရှိရင်၊ အရမ်းသုံးလို့လည်းမရပါဘူး၊ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်း သွားပြီးတော့ အများကြီးစကားပြောပါတယ်၊ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ဝိုင်း တာဝန်ယူပေးလိုက်တာလည်းဖြစ်ပါတယ်၊ ကျွန်တော်မှတ်ထားပါမယ်၊ ဒီဟာနဲ့ပတ်သက်ပြီး တော့၊ မှတ်ထားပါမယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် စုစုပေါင်းအလှူငွေ ငွေကျပ်သန်းပေါင်း ၃၂၂၃၀ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ) ကျော်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စေတနာ ရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြ သည်။

 

#PeopleMedia


Share this post