ရေလမ်းကြောင်းတိုက်ခိုက်နေတာ မရပ်မချင်း ဟူသီသူပုန်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အမေရိကန်ပြော

PUBLISHED - March 17, 2025
နိုင်ငံတကာ၊ မတ် ၁၇
အီရန်ကထောက်ပံ့ထားတဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ပင်လယ်ရေလမ်းကြောင်းကို တိုက်ခိုက်နေတာတွေ မရပ်မ ချင်း အမေရိကန်ပြည်ထောင်စုက ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အမေရိကန်ကာ ကွယ်ရေးဝန်ကြီးက မတ်လ ၁၆ ရက်နေ့ (တနင်္ဂနွေနေ့) က ပြောကြားလိုက်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့် ဇန်နဝါရီလမှာ အာဏာရလာကတည်းက အရှေ့အလယ်ပိုင်းကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် တွေထဲမှာ အကြီးမားဆုံးအဖြစ် မကြာသေးခင်က ဟူသီသူပုန်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ရာ ၅၃ ဦးထက်မနည်းသေဆုံး သွားကြောင်း ဟူသီသူပုန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်ဆင်ရေးကို နောက်ထပ် သီတင်းပတ်များစွာ ဆက်လက်ဆင်နွှဲသွားမှာဖြစ်ကြောင်း အမေရိကန်အ ရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အမေရိကန်က ယီမင်နိုင်ငံကို ဆက်လက်တိုက်ခိုက်နေသမျှ ၎င်းတို့ စစ်သွေးကြွအဖွဲ့တွေဟာ ပင်လယ်နီထဲက အမေရိ ကန်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း ဟူသီသူပုန်ခေါင်းဆောင် အဗ္ဗဒူမာလင့် အယ်လ်ဟူသီက တနင်္ဂနွေနေ့က ပြောပါတယ်။
ဟူသီသူပုန်တွေအပေါ် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ အမေရိကန်အစိုးရကို ရုရှားအစိုးရက တိုက်တွန်းနေချိန်မှာပဲ အမေရိ ကန်ရဲ့ တိုက်ခိုက်မှုဟာ “စစ်ရာဇဝတ်မှု” ဖြစ်တယ်လို့ ဟူသီအဖွဲ့ရဲ့ နိုင်ငံရေးဗျူရိုက ပြောပါတယ်။
ဟူသီအဖွဲ့က အမေရိကန်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပင်လယ်နီထဲက အမေရိကန် USS Harry S. Truman လေယာဉ်တင်သင်္ဘောနဲ့ တခြားစစ်သင်္ဘောတွေကို ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ စစ်ရေးပြောခွင့်ရပုဂ္ဂိုလ်က တနင်္ဂနွေနေ့က အထောက်အထားမပါဘဲ ပြောကြားခဲ့ပါတယ်။
အမေရိကန် တိုက်လေယာဉ်ဟော ဟူသီတွေရဲ့ ဒရုန်း ၁၁ စင်းကို ပစ်ချခဲ့ပြီး ဒရုန်းတစ်စင်းမှာ USS Harry S. Truman နားကို မကပ်နိုင်ခဲ့ကြောင်း၊ ယီမင်ကမ်းရိုးတန်းအလွန်မှာ ထိုးကျသွားတဲ့ ဒုံးကျည်တစ်စင်းကိုလည်း အမေရိကန်တပ်ဖွဲ့ တွေက ခြေရာခံ လိုက်နိုင်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
သင်္ဘောတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်မှာဖြစ်ကြောင်း ဟူသီသူပုန်တွေဘက်က ပြောလာတာနဲ့ မိမိတို့ဘက် လည်း ၎င်းတို့ ဒရုန်းတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်သွားမှာဖြစ်ကြောင်း၊ ဒါဆိုရင် ဒီစစ်ဆင်ရေးပါ ရပ်တန့်သွား မှာဖြစ်ကြောင်း၊ ဒီလိုမှမဟုတ်ရင်တော့ စစ်ပွဲ ဆက်လက်ဖြစ်ပွားနေမှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က Fox News သတင်းဌာနကို ပြောပါတယ်။
အစ္စရေးနိုင်ငံက ဂါဇာဒေသအတွက် အကူအညီတွေ ပိတ်ဆို့ထားတာကို ပြန်လည်ရုပ်သိမ်းခြင်းမပြုရင် ပင်လယ်နီထဲမှာ သွားလာနေတဲ့ အစ္စရေးသင်္ဘောတွေကို ပြန်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း ယီမင်နိုင်ငံကို ဆယ်နှစ်ကျော် ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်အဖွဲ့က ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။
Ref: US vows to keep hitting Houthis until shipping attacks stop
#PeopleMedia