ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးကို မဟာဗျူဟာ အစီ အစဉ်များရေးဆွဲပြီး ကာလတို၊ ကာလရှည်စီမံကိန်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

PUBLISHED - November 10, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၀
အခြားသောနိုင်ငံများ နည်းတူ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုး တက်စေရေးကို မဟာဗျူဟာအစီအစဉ်များရေးဆွဲပြီး ကာလတို၊ ကာလရှည်စီမံကိန်းများနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
မြန်မာရော်ဘာဖိုရမ် – ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ (MICC–II)၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေရရှိမှုအနေဖြင့် ၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၄၅၀ ကြား တွင်ရရှိခဲ့ သည့်အတွက် ရော်ဘာသီးနှံသည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါ သည့် စက်မှုသီးနှံတစ်ခုဖြစ်သည်ဟု ပြောကြားလိုကြောင်း၊ ပြည်ပပို့ကုန် တိုးမြှင့်တင် ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာရည်မှန်းချက်၏ ဦးစားပေးပို့ကုန် အမယ်များတွင် ရော်ဘာလုပ်ငန်းကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသည့် ရော်ဘာစိုက်ပျိုးမှုသမိုင်းကြောင်း ရှိခဲ့သော်လည်း လက်ရှိအခြေအနေ တွင် ရော်ဘာအထွက်နှုန်းနှင့် အရည်အသွေးသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အောင်မြင်တိုးတက်မှု အပိုင်းတွင် အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်း၊ အခြား သောနိုင်ငံများ နည်းတူ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးကို မဟာဗျူဟာအစီအစဉ်များရေးဆွဲပြီး ကာလတို၊ ကာလရှည်စီမံ ကိန်းများနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက၊ စီးပွားရေးအရ တွက်ခြေကိုက်မှု အပေါ်ချိန်ဆပြီး ရော်ဘာမျိုး ကောင်းများပြောင်းလဲစိုက်ပျိုးရေး၊ တိုးချဲ့စိုက်ပျိုးရေးကို အလေးထား ဆောင်ရွက်ရန်သင့်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ရော်ဘာစိုက်ပျိုးရေး အတွက် သင့်တော်သည့်ရာသီဥတုနှင့် မြေနေရာများစွာရှိသည့်အတွက် ရော်ဘာ တိုးချဲ့ စိုက်ပျိုးရေးကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း မိမိတို့ရေမြေ သဘာဝနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ရော်ဘာအထွက်ကောင်းမျိုးများ မွေးမြူထုတ်လုပ်နိုင်ရန် လိုအပ် သည့်သုတေသနများကို နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာနက စဉ်ဆက်မပြတ်သု တေသနပြု ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားလိုပါကြောင်း ပြောသည်။
ရော်ဘာတစ်ဧက အထွက်နှုန်းတိုးတက်ရုံတင်မက အရည်အသွေးကောင်းမွန်စေရေးအတွက်လည်း ရော် ဘာအစေးခဲလုပ်ငန်းစဉ်၌ မှန်ကန်သည့် နည်းစနစ်ကျင့်သုံး ရေး၊ မှန်ကန်သည့် ဓာတုပစ္စည်းများသုံးစွဲရေး ပညာပေးခြင်း၊ အရည်အသွေး အာမခံ ချက်ရှိသည့် ရော်ဘာများထုတ်လုပ်နိုင်ရေး ရော်ဘာတောင်သူအစု အဖွဲ့များ စုဖွဲ့ လုပ်ဆောင်ခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များ၊ အသင်းအဖွဲ့များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာ့ရော်ဘာ၏ အရည်အ သွေးနှင့် အဆင့်အတန်းအာမခံချက်ရှိမှသာလျှင် ဈေးကွက် ရရှိနိုင်မည်ဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ရော်ဘာ စိုက်တောင်သူများ အားလုံး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
#Peoplemedia