ရှင်ဗွေယန်မြို့ အထကကျောင်း၌ ကျောင်းတက်နေသည့် ကျောင်းသား/သူ ၄၀ ကျော် ကိုဗစ်ပိုးကူးစက်ခံရ သော်လည်း ကျောင်းကို ဆက်လက်ဖွင့်ထား

PUBLISHED - December 8, 2021
ရှင်ဗွေယန်၊ ဒီဇင်ဘာ ၈ (People Media)
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ အထကကျောင်း၌ ကျောင်းတက်နေသည့် ကျောင်းသား/သူ ၄၀ကျော်ခန့် ကိုဗစ်ကူးစက်ခံရမှုရှိနေသော်လည်း ကျောင်းကို ဆက်လက်ဖွင့်ထားကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် ရှင်ဗွေယန် အထကစာသင်ကျောင်း၌ ပညာသင်ကြားပေးနေသည့် ကျောင်း ဆရာတစ်ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျောင်းသားအားလုံး ကိုဗစ်ပိုးစစ်ဆေးရာ လေးဆယ်ကျော် ကူးစက်ခံနေရကြောင်း ရှင်ဗွေယန် ကိုဗစ်တုံ့ပြန်ရေးနှင့် ကုသရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
“မနေ့က ကျောင်းဆရာတစ်ဦး ကိုဗစ်ရောဂါရှိတယ်လို့ သိလိုက်ရတော့ ဒီကနေ့ ရှင်ဗွေယန် အထကကျောင်းက ကျောင်းသားကျောင်းသူများကို ကိုဗစ်ပိုး ထပ်မံစစ်ဆေးလိုက်တော့ ကျောင်းသားကျောင်းသူ ၄၆ ယောက် ကူးစက်ခံနေရတယ်၊ ၇ တန်း ၈ တန်း ၉ တန်း ၁၀ တန်းက ကျောင်းသားကျောင်းသူအများစုဖြစ်တယ်” ဟု ၎င်းကပြောသည်။
ယင်းသို့ ကိုဗစ်ပိုးကူးစက်မှုရှိနေသော်လည်း အဆိုပါ စာသင်ကျောင်းအား ဆက်လက်ဖွင့်ထားကြောင်း ၎င်း ကပြောသည်။
“ပိုးတွေ့တဲ့ကလေးတွေကို သီးသန့်ခွဲထားပြီးတော့ ကွာရန်တင်းစင်တာမှာ ထားရှိမယ် ကျောင်းသားမိဘတွေ ကိုလည်း ထပ်စစ်ဆေးမယ် ကျောင်းကိုတော့ ဆက်လက်ဖွင့်သွားမှာပါ၊ စာသင်ခန်းတွေကိုတော့ ဆေးဖြန်းတာ တွေအထပ်ထပ်ပြုလုပ်မယ် ကျောင်းပိတ်တာမျိုးမရှိဘူး” ရှင်ဗွေယန်ကိုဗစ်တုံ့ပြန်ရေးနှင့် ကုသရေးကော်မတီ တာဝန်ရှိသူကပြောသည်။
ရှင်ဗွေယန် အထကစာသင်ကျောင်းအား ပိုးတွေ့လူနာများလာခြင်းကြောင့် အဆိုပါ စာသင်ကျောင်းအား တစ်ပတ်ဆယ်ရက်ခန့် ပိတ်ထားစေခြင်ကြောင်း ကျောင်းသားမိဘတစ်ဦးကဆိုသည်။
“အခုဆို ကျောင်းသားကျောင်းသူပိုးတွေ့နှုန်းမြင့်တတ်လာတယ် ဒါကြောင့် ကျောင်းကို ခဏပိတ်ထားစေ ချင်တယ် ဘာလို့လဲဆိုတော့ ပိုးတွေ့တဲ့ကျောင်းသားတွေကများတော့ သွားလာမှုနေရာတွေလဲများမယ် နောက်ပြီး အရမ်းစိုးရိမ်တယ် ကလေးတွေလဲ ကျောင်းမပို့တော့ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံကျောင်း သားမိဘတစ်ဦးကပြောသည်။
အဆိုပါ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စာသင်ကျောင်းရှိ ကျောင်းသားကျောင်းသူ ၂၈၄ ဦးအနက် ကျန်းမာရေးစစ် ဆေးရာ ကျောင်းသားကျောင်းသူ ၄၆ ယောက်တွေရှိခဲ့ပြီး ယင်ပိုးတွေ့ရှိခဲ့သည့် ကျောင်းသားကျောင်းသူမှာအား ဒီဇင်ဘာ ၁၃ ရက်နေ့၌ ပြန်လည်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြတ်မင်း(EPN)
#PeopleMedia #ပညာရေး
(unicode)
…………………………………………………………