ရွာငံမြို့နယ်တွင် (၁၂)ဘီးယာဉ်ပေါ်မှ မြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၂)တန်ခန့် ဖမ်းဆီးရမိ၊ ဆက်စပ် တရားခံ (၉)ဦးအားလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့
PUBLISHED - December 11, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်၊ မြိုကြီးကျေးရွာအနီးတွင် (၁၂)ဘီးယာဉ်ပေါ်မှ နွားချေးများ၊ မြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၂)တန်ခန့် ဖမ်းဆီးရမိခဲ့သည်။
ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီတွင် မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU (၁၂)ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO (၁၂)ဘီး မော်တော်ယာဉ်တို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရရှာဖွေရာ အဆိုပါယာဉ် (၂)စီးပေါ်တွင် နွားချေး မြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၂)တန်ခန့် သိမ်းဆည်းရမိခဲ့သည်။
ယင်းနောက်တွင် ကဖင်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သူ နေအောင်အား ဒီဇင်ဘာ (၄)ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ကဖင်းများအား မန္တလေးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက် (ခ) စိုင်းထွန်းထွန်းနှင့် ရင်အောင်သူတို့အား ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER မော်တော်ယာဉ် တစ်စီးဖြင့် လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရင်အောင်သူ၏ နေအိမ်မှ TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးအား လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်စိုးလင်း (ခ) အောင်အောင်အား အမရပူရမြို့နယ်တွင် လည်းကောင်း၊ စိုင်းသီဟငယ် (ခ) သီဟ (ခ) မောက်ဆိုင်အား ပုသိမ်ကြီးမြို့နယ်တွင် လည်းကောင်း၊ ဒီဇင်ဘာ (၆)ရက်တွင် မန္တလေးမှ ကဖင်းအိတ်များ သယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်းအား အောင်မြေသာစံမြို့နယ်တွင် ကဖင်းများ သယ်ဆောင်ပေးခဲ့သည့် PRADO မော်တော်ယာဉ်တစ်စီးဖြင့် လည်းကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များ သိုလှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ချစ်စိန်အား မဟာအောင်မြေမြို့နယ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
၎င်းနောက်တွင် ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်ရာ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီများ၏ သုတေသနပြု သတင်းဖလှယ်ချက်များအရ ကဖင်းတစ်တန်အား အခြားဓာတုပစ္စည်းများနှင့်ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား ၁၄ သန်းခန့် ထုတ်လုပ်နိုင်ကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဒေသ များမှတစ်ဆင့် တရားမဝင် တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂၄ တန်ကျော် ဖမ်းဆီး အရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
#PeopleMedia