ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောဆို

PUBLISHED - February 2, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့၏ အန္နိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသော သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ဦးတည်ချက်များတွင် အရေးပေါ် ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရား မျှတသော ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ပါဝင်ကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ပြီးစီးပါက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို လွှဲပြောင်း၍ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ယူ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောဆိုသည်။
“ရှေလုပ်ငန်းစဉ်(၅)ရပ်ရဲ့ ပထမအချက်အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့် အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမယ်လို့ ချမှတ်ထားပါတယ်။ ရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်းဖြတ်သန်းခဲ့ရသည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍသုံးရပ်ကိုကြည့်ပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်လုပ်ပိုင်ခွင့်များ နှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ပေးအပ်ထားသော်လည်း ပီပီပြင်ပြင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ဥပမာအားဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများတွင် လွှတ်တော်တွင်လည်း ပြင်ဆင် ရေးနှင့်ပတ်သက်၍ မှတ်တမ်းသာတင်နိုင်ခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမလုပ်နိုင်ခဲ့ကြောင်း၊ အလားတူ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် လက်ရှိဆောင်ရွက်နေသည့်အုပ်ချုပ်မှုပုံစံများတွင် လုပ်ပိုင်ခွင့်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရန်လိုကြောင်း ပြောဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသော ကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေ ပြဋ္ဌာန်း၍ လုပ်ဆောင်၍ရကြောင်း၊ သို့သော်လည်း ဥပဒေပြဋ္ဌာန်းမှုများကို ပြည့်ပြည့်စုံစုံဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ ထို့ကြောင့် မိမိတို့ လုပ်ပိုင်ခွင့်အလိုက် အပြည့်အဝလုပ်ဆောင်ခြင်းမရှိသည့်အပေါ် အားမလို အားမရဖြစ်လာကြပြီး လုပ်ပိုင်ခွင့်များပေးရန် တောင်းဆိုလာကြခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရွေးကောက်ပွဲဖြစ်မြောက်စေရေးအတွက် မိမိတို့အနေဖြင့် အခြေအနေဖန်တီးပေးရမည် ဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရမည်၊ မဲစာရင်းများ မှန်ကန်မှုရှိရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့်သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေး ကျင်း ပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ မည်သည့်အရပ်ဒေသရှိမြို့ပြနှင့် ကျေးလက်တွင် နေထိုင်သည်ဖြစ်စေ နိုင်ငံသားတိုင်းသည် အခွင့်အရေးတန်းတူ ရရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြုလုပ်နိုင်ရေးကို အချိန်ယူ၍ ဆောင်ရွက်နေရခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ရွေးကောက်ပွဲကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် ပြောဆိုခဲ့သည်။
#PeopleMedia