• Follow Us on

Home ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားပွဲနှင့် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားပွဲနှင့် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားပွဲနှင့် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်း အလှများကို အခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် အစိမ်းရောင် စီးပွားရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

 

အဆိုပါဆင်စခန်းကို နေ့စဉ် နံနက် (၇)နာရီမှ ညနေ (၆)နာချိန်ထိ ဖွင့်လှစ်ထားပြီး ဆင်စခန်းရှိ တည်းခို ဆောင်များ၌ ညအိမ်တည်းခိုနားနေနိုင်ကြောင်းနှင့် တည်းခိုဆောင်အနေဖြင့် VIP တည်းခိုဆောင် (၄)လုံးနှင့် ဘန်ဂလို (၁၁)လုံးရှိပြီး ဘန်ဂလိုတည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ (၄၀၀၀၀)ကျပ် နှုန်းနှင့် VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ (၇၀၀၀၀)ကျပ်နှုန်းတို့ဖြင့် အသီးသီး သတ်မှတ်ထားပြီး ဆင်စာဘူဖေးကိုလည်း ခရီးသွားများ တတ်နိုင်သောနှုန်းထားဖြင့် ဆင်စာများ ဝယ်ယူ ကျွေးမွေး လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ယင်းအပြင် ဆင်စခန်းတွင် ဆင်ထီး (၅)ကောင်၊ ဆင်မ (၈)ကောင်၊ စုစုပေါင်း ဆင်(၁၃)ကောင်ရှိပြီး ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး (၁၀၀၀)ကျပ်နှင့် ခရီးတိုဆင်စီးခ (၅၀၀၀)ကျပ်နှုန်း၊ ပြည်ပနိုင်ငံခြား သား တစ်ဦးလျှင် ဝင်ကြေး (၁၀၀၀၀)ကျပ်နှင့် ခရီးတိုဆင်စီးခ (၁၀၀၀၀)ကျပ်နှုန်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

 

၎င်းနောက်တွင် ဆင်စခန်းကို လက်ရှိအချိန်တွင်လည်း ဖွင့်လှစ်ထားပြီး လာရောက်လည်ပတ်သူများအတွက် ခရီးသွားဝန်ဆောင်မှု အားလုံး ဆောင်ရွက်ပေးနိုင်ရေး၊ ခရီးတို ဆင်စီးရင်းဖြင့် တောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသည့် သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်စေရေး၊ မန်းချောင်းဘေး ဆင်များနှင့်အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်ရန်အတွက် ယာယီတံတား၊ တည်းကျောင်းနှင့် အလှပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းနောက် ယခုနှစ်တွင် ဆင်စခန်းကို အဆင့်မြှင့်တင်မှု လုပ်ငန်းအနေဖြင့် (Elephant Show) ပွဲကြည့်စင် အသစ် တစ်ဆောင်ကို မန်းချောင်းအတွင်း ထပ်မံတိုးချဲ့ ဆောက်လုပ်ထားပြီး ဆင်လိမ္မာများနှင့်အတူ ထူးခြားသည့် ဧည့်ခံဖျော်ဖြေ တင်ဆက်မှုတွေ လုပ်ဆောင်သွားမည့်အပြင် VIP တည်းခိုဆောင်အသစ် နှစ်လုံးကိုလည်း ထပ်မံတိုးချဲ့ ဆောက်လုပ်ထားပြီး ဆင်စခန်းကို လာရောက်လည်ပတ်သူတွေ သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေစေရန် ဆင်စခန်း အဝင်းလမ်းကို တို့ချဲ့ပြုပြင်ပြီး ကွန်ကရစ်လမ်းအဖြစ် ပေ ၁၉၀၀ အထိ ဆောင်ရွက်ထားကြောင်း ဆင်စခန်းတာဝန်ခံ၏ ပြောပြချက်အရ သိရသည်။

 

ယခုနှစ် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post