ရွှေဆိုင် ၃ ဆိုင်နှင့် ရွှေလုပ်ငန်း ၄ ခုအား ဗဟိုဘဏ်အရေးယူ
PUBLISHED - April 3, 2024
နေပြည်တော်၊ ဧပြီ ၃
ရန်ကုန်တိုင်းရှိ မောင်ကိန်းရွှေဆိုင်အပါအဝင် ရွှေဆိုင် ၃ ဆိုင်နှင့် မန္တလေးတိုင်းရှိ ရွှေလုပ်ငန်း ၄ ခုတို့ကို အရေး ယူမှုများ ဆောင်ရွက်ထားကြောင်း ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ပူးပေါင်းအထူးစစ် ဆေးရေးအဖွဲ့များကို ဖွဲ့စည်းပြီး ရန်ကုန်နှင့် မန္တလေးရှိ ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ အောက်ပါရွှေဆိုင်များသည် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း အပါအဝင် ရွှေရောင်းဝယ်သူများ လိုက်နာရမည့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြား ချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း တွေ့ရကြောင်း ထုတ်ပြန်ထားသည်။
ယင်းရွှေဆိုင်များမှာ ရန်ကုန်တွင် မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်းစင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင်၊ မန္တလေးတွင် ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ ရွှေရွှေဆိုင်လုပ်ငန်းတို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ယင်းရွှေဆိုင်များကို ၂-၄-၂၀၂၄ရက်နေ့မှစ၍ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန် သတိပေး မှတ်တမ်းတင်လက်မှတ်ရေးထိုးစေခြင်း၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်း အပါအဝင် လိုအပ်သည့် အရေးယူမှုများကို သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
အလားတူ ကော်မတီသည် ရွှေဈေးနှုန်းများကို ဈေးကစားပြီး ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်စေရန် သတင်း ထုတ်လွှင့်သူများကိုလည်းကောင်း၊ အရောင်းအဝယ်တကယ်မဖြစ်သည့် လေပတ်ကားရွှေဈေးနှုန်းများကို လူမှုကွန်ယက်မီဒီယာများတွင် ဖော်ပြပြီး ရွှေဈေးနှုန်း မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်သူများကိုလည်း ကောင်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူနိုင်ရန် ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရဌာနများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထား သည်။
#PeopleMedia