• Follow Us on
Latest News

Home ရွှေတိဂုံစေတီတော်တွင် (၃၆) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကျင်းပမည်

ရွှေတိဂုံစေတီတော်တွင် (၃၆) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကျင်းပမည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃၀

 

ရွှေတိဂုံစေတီတော်မြတ်ကြီး (၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ တန်ဆောင်မုန်းလ အဖိတ်နေ့နှင့် လပြည့်နေ့ တို့တွင် (၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲအခမ်းအနားနှင့် သာမညဖလအခါ တော်နေ့ အခမ်းအနားများကို သတ်မှတ်နေရာအသီးသီးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီတွင် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်း အဖွဲ့များ၊ ဝန်ထမ်းများနှင့် ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့များက စေတီတော် ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်းရှေ့စုရပ်မှ စေတီတော်မြတ်ကြီးအား လက်ျာရစ်တစ်ပတ်လှည့်လည်ပူဇော်ပြီး ရာဟုထောင့်အောင်မြေတွင်  ရက်ကန်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် ၂၂၀၀ နာရီတွင် ရက်ကန်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်၍ ဆုရရှိသည့် ရက်ကန်းစင်တော်များအလိုက် ဆုချီးမြှင့်ခြင်း၊ ရရှိလာသော ပိတ်သားများကို ရွှေကြာသင်္ကန်းတော်များအဖြစ် ညတွင်းချင်းအပြီးချုပ်လုပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၁၅ရက်နေ့ နံနက် ၄နာရီတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်း အဖွဲ့များ၊ ဝန်ထမ်းများ၊ ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့များက ရွှေကြာသင်္ကန်းတော်များ ကိုင်ဆောင်လျက် စေတီတော်မြတ်ကြီးအား လက်ျာရစ်တစ်ပတ်လှည့်လည် ပူဇော်၍ အာရုံခံမုခ်ဦးများအတွင်းရှိ ပွင့်တော်မူပြီး သော ဘုရားရှင်(၄)ဆူတို့၏ ရုပ်ပွားတော်များ၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်နှင့် သတ်မှတ်တန် ဆောင်းများအတွင်းရှိ ရုပ်ပွားတော် များအား မသိုးရွှေကြာသင်္ကန်းများ လှည့်လည်ပူဇော်ကပ်လှူသွားမည် ဖြစ်ကြောင်း သိရသည်။

 

နံနက် ၅နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ အရုဏ်ဆွမ်းတော်ကြီး ကပ်လှူ ပူဇော်ခြင်း၊ နံနက် ၅နာရီ ၃၀တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် နံနက် ၆နာရီအချိန်တွင် ဆရာတော်ကြီးများထံမှ သာမညဖလအခါ တော်နေ့ဆိုင်ရာ တရားတော်များနာကြား၍ ပြုခဲ့သောကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချအနု မောဒနာအခမ်းအနားများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း တို့လာရောက် ကုသိုလ်ပြုလှူဒါန်းနိုင်ကြောင်း သိရသည်။

 

ထို့အပြင် တန်ဆောင်မုန်းလ အဖိတ်နေ့ နိုဝင်ဘာလ ၁၄နေ့တွင် ညအိပ်ကုသိုလ်ပြုမည့် ဘုရားဖူး ပြည်သူများ အနေဖြင့် ရင်ပြင်တော်တောင်ဘက်ရှိ လုံခြုံ/မီးသတ်ဌာနရုံးခန်းနှင့် သတ်မှတ်တန်ဆောင်းများတွင် ညအိပ်ဧည့်စာရင်းတိုင်ကြားနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာကြရန်လည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးထားသည်။

 

#PeopleMedia


Share this post