• Follow Us on

Home ရွှေတိဂုံစေတီတော်သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်လှစ်

ရွှေတိဂုံစေတီတော်သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်လှစ်

Share this post

နေပြည်တော်၊ ဧပြီ ၃

 

ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက် (ရာဟုထောင့်) အောင်မြေ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီ၊ ပုထိုးများဖြစ်သည့် ရန်ကုန်မြို့ ရွှေတိဂုံစေတီ တော်မြတ်ကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်နှင့် ပုဂံအာနန္ဒာစေတီ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့ မြသလွန်စေတီ၊ ပြည်မြို့ ရွှေဆံတော်စေတီနှင့် မြောက်ဦးမြို့ သျှစ်သောင်းဘုရားကိုးဆူတို့အား Pagoda Digital Directory ပြုလုပ်ထားရှိရေး နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အဆိုပါ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံရှိ အထင်ကရ ဘုရားများအား Pagoda Digital Directory အဖြစ် အဆင့်မြှင့်တင် ပြသနိုင်ရေး အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (မကွေး၊ ပြည်၊ တောင်ငူ၊ သထုံ) တို့ပူးပေါင်း၍ Pagoda Digital Directory Web Portal လွှင့်တင်နိုင်ရေး စတင်စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ပဲခူးမြို့ ရွှေမော်ဓောဘုရားကိုပါ ထပ်မံထည့်သွင်း ဆောင်ရွက်ခဲ့သဖြင့် စုစုပေါင်း ၁၀ ဆူကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။

 

ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အနေဖြင့် ယခုဖွင့်လှစ်သည့် Pagoda Digital Directory အား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နောက်ထပ်လည်း မူလရည်ရွယ် ထားသည့် ၁၀ ဆူအပြင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ တန်ခိုးကြီး ဘုရားများကိုလည်း ဆက်လက် တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ တန်ခိုးကြီး ဘုရားများအား ဆက်လက်တပ်ဆင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

#PeopleMedia


Share this post