ရွှေတောင်မြို့နယ်တွင် ၆ ဘီး မော်တော်ယာဉ်ပေါ်မှ ကျပ် ၄ ဒသမ ၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၉ သိန်းကျော် ဖမ်းဆီးရမိ

PUBLISHED - June 1, 2024
နေပြည်တော်၊ ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ၆ ဘီးမော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၄ ဒသမ ၄၂၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရွှေတောင်မြို့ နယ်၊ ရန်ကုန် – ပြည်ကားလမ်း၊ ဆင်မကြပ်ကျေးရွာအနီးတွင် ထွန်းထွန်းဝင်း မောင်းနှင်ပြီး ထင်ကျော်နှင့် ဟိန်း မင်းမင်း(ခ)မှန်လေး တို့ လိုက်ပါလာသည့် ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်၌ အုတ်ခဲ များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ယာဉ်ပိုင်ရှင် ကျော်စွာထွန်း၊ ထွန်းထွန်း(ခ)မောင်မောင်နှင့် ရန်နောင်ထွေး(ခ) နောင်နောင် တို့အား ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် အသီးသီဖမ်းဆီးရမိခဲ့ ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့သို့ ဆက် လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia