ရွှေပြည်သာတွင် မီးပွိုင့်မိ၍ ရပ်နေသည့် ယာဉ် (၂) စီးကို ရေသန့်ပို့သည့် ယာဉ်မှ အရှိန်လွန်၍ တိုက်မိ

PUBLISHED - February 17, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာကွေ့မီးပွိုင့်တွင် မီးပွိုင့်မိ၍ ရပ်ထားသည့် ယာဉ်(၂) စီးကို ရေသန့်ပို့သည့် ယာဉ်မှအရှိန်လွန်၍ တိုက်မိရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက် ည ၈ နာရီအချိန်တွင် မီးပွိုင့်မိ၍ ရပ်ထားသည့် တွဲယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ကို ရေသန့်ပို့သည့်ယာဉ်မှ အရှိန်လွန်၍ တိုက်မိခဲ့ကြောင်း ယင်းဖြစ်စဉ်နေရာသို့ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ ထိုရေသန့်ပို့သည့်ယာဉ်ထဲတွင် ညပ်နေသူကို ကယ်ထုတ်ပြီး We Love Care လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“ရေသန့်ပို့တဲ့ယာဉ်ထဲက အမျိုးသားတစ်ယောက် ဒဏ်ရာရတယ်။ ကျန်တဲ့ယာဉ်ထဲက သူတွေကတော့ အနည်းငယ်ပဲ ရတာ” လို့ We Love Care လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်နှင့် ရေသန့်ပို့သည့် ယာဉ်တို့ပျက်စီးမှုဖြစ်ပွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia