ရွှေဘိုမြို့၊ မြို့မဈေးအတွင်းသို့ PDF များက Drone ယာဉ်ဖြင့် ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကိုရင် (၁) ပါးနှင့် ကလေးငယ် (၂) ဦးအပါအဝင် အရပ်သားအများအပြား ထိမှန်ဒဏ်ရာရရှိ
PUBLISHED - July 17, 2023
နေပြည်တော်၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ (၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ မြို့မဈေးအတွင်းသို့ ယမန်နေ့နံနက် ပိုင်းတွင် PDF များက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရွှေဘိုမြို့မဈေးအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဈေးအတွင်း သား/ငါး အရောင်းဆိုင်များအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ကြောင့် အဆိုပါနေရာအနီး ရောက်ရှိ နေကြသည့် ကိုရင် အာလောက(ခ)အာကာကျော်နှင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးတို့တွင်လည်း ဗုံးသီးစများအသီးသီး ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိအောင် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia