• Follow Us on
Latest News

Home ရှင်ဗွေယန်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျင် ကျပ်သုံးသောင်းထိ ဈေးမြင့်တက်နေ

ရှင်ဗွေယန်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျင် ကျပ်သုံးသောင်းထိ ဈေးမြင့်တက်နေ

Share this post

မြစ်ကြီးနား၊ ဇူလိုင် ၁၂

 

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်‌ဗွေယန်မြို့တွင် စက်သုံးဆီ ဓာတ်ဆီတစ်ဂါလံလျင် ကျပ်ငွေသုံးသောင်းထိ ဈေးမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းတွင် ၉၂ တစ်လီတာလျင် ၅၀၀၀ ကျပ်၊ တစ်ဂါလံလျင် ၂၀၀၀၀ ကျပ် ရောင်း ချခဲ့သော်လည်း လက်ရှိတွင် တစ်လီတာဈေး ၇၀၀၀ ကျပ်၊ တစ်ဂါလံဈေး ၃၀၀၀၀ ကျပ်ထိ ဈေးမြင့်တက်လာ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

 

“မနေ့ကစပြီး ဈေးတွေမြင့်တက်သွားတာဟုတ်တယ်။ ခါတိုင်းဝယ်တဲ့ဈေးပဲထင်ပြီးဆီထည့်လိုက်တာ ပိုက်ဆံရှင်း တော့ တဂါလံ သုံးသောင်းရှိပြီတဲ့။ ဆိုင်သေးလေးတွေမှာ အကုန်တက်တာ။ ပန့်ဆိုင်မှာတော့ အရမ်းမတက်ဘူး လို့ ပြောတယ်။ ဒါပေမဲ့ ခွဲတန်းနဲ့ ရောင်းပေးနေတယ်လို့ကြားတယ်။ ရပ်ကွက်ဆိုင်တွေတိုင်းကတော့ ဈေးတက် နေပြီ” ဟု ၎င်းကဆိုသည်။

 

ယင်းကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများမြင့်တက်လာသည့်အတွက် သုံးဘီးဆိုင်ကယ်များဖြင့် ဈေးရောင်းဈေးဝယ် ပြုလုပ်နေသူများ ရပ်နားထားရပြီး မိသားစု စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဈေးသည်တစ်ဦးက ပြောသည်။

 

“ဆီဈေး အခုလိုတက်တော့ ဘယ်လိုမှ ဈေးရောင်းဈေးဝယ်လုပ်လို့ အဆင်မပြေတော့ဘူး။ ဆီဖိုးထည့်လိုက်တာ နဲ့ ကိုရလာတဲ့အမြတ်ဆိုတာ မရှိတော့ဘူး။ ဒါကြောင့် ဈေးရောင်းလည်း မသွားနိုင်တော့ဘူး။ အဲ့လိုမသွားတော့ လည်း မိသားစု ထမင်းဟင်းဖိုးက မရပြန်ဘူး။ သွားမယ်ဆိုတော့လည်း ဆီဖိုးကမတက်နိုင်ပြန်ဘူး။ အခြေနေ တွေက ဘာတွေဖြစ်နေပြီလဲ မသိတော့ဘူး။ ဆန်ဈေးတက်လိုက် ဆီဈေးတက်လိုက်နဲ့ ပြည်သူတွေ အစား အသောက်ငတ်ပြီး နေရတော့မယ့် အခြေအနေဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။

 

ရှင်ဗွေယန်မြို့တွင် စက်သုံးဆီများကို ရပ်ကွက်ဈေးများတွင်သာ ရောင်းဝယ်နေသူများကြပြီး မကြာသေးခင်က ဖွင့်လှစ်ထားပြီး ရောင်းချပေးနေသည့် ပန့်ဆိုင်နှစ်ဆိုင်မှာလည်း ဓာတ်ဆီကုန်နိုင်သည့်အတွက် အကန့်သတ်ဖြင့် သာရောင်းချပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

 

သံလွင်

 

#PeopleMedia


Share this post